ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအလုပ်ခွင်အခြေအနေပြောပြသည့် ရုရှားဆရာဝန်သုံးဦး ဆေးရုံပြတင်းပေါက်မှပြုတ်ကျ နှစ်ဦးသေဆုံး

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအလုပ်ခွင်အခြေအနေပြောပြသည့် ရုရှားဆရာဝန်သုံးဦး ဆေးရုံပြတင်းပေါက်မှပြုတ်ကျ နှစ်ဦးသေဆုံး

မေ ၆

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရာတွင် ရှေ့တန်းမှအလုပ်ခွင်အခြေအနေများကို ထုတ်‌ဖော်ပြောကြားခဲ့သည့် ရုရှားနိုင်ငံမှ ဆရာဝန်သုံးဦးသည် လွန်ခဲ့သည့် ရက်သတ္တပတ်နှစ်ပတ်အတွင်း  ဆေးရုံပြတင်းပေါက်များမှ ပြုတ်ကျခဲ့ကြကြောင်း သိရသည်။ ၎င်းတို့အနက် နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးမှာ ဆေးကုသဆဲဖြစ်ကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့သည်။

ရုရှားမီဒီယာ၏အဆိုအရ COVID-19 ကူးစက်ခံထားရသော ဒေါက်တာ Alexander Shulepov (၃၇ နှစ်) သည် ၎င်းအလုပ်လုပ်သည့် Novousmanskaya ဆေးရုံ၏ ဒုတိယထပ်မှပြုတ်ကျပြီးနောက် အခြေအနေဆိုးရိမ်ရသည်ဟု ပြောသည်။ Shulepov  သည် ဗိုင်းရပ်စ်ကူးစ်ခံရပြီးနောက် ဖိအားပေးအလုပ်ခိုင်းခံခဲ့ရကြောင်း လုပ်ဖော်ကိုင်ဖက် Alexander Kosyakin နှင့်ပြောဆိုထားသည့်ဗီဒီယိုဖိုင်ကို အွန်လိုင်း၌တင်ခဲ့သည့်နေ့၌ပင် ထိုဖြစ်ရပ်နှင့်ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

သို့သော် ဆရာဝန်၌ ရောဂါပိုးတွေ့ပြီးနောက်ပိုင်း အလုပ်မှနားခိုင်းခဲ့ကြောင်းဆေးရုံကပြောဆိုခဲ့ပြီး စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

ဧပြီ ၂၂ ရက်က လူမှုကွန်ရက်တွင် တင်ခဲ့သည့်ဗီဒီယိုဖိုင်၌ Kosyakin က “ ကျွန်တော့်ဘေးက  လူနာတင်ယာဉ်ဆရာဝန် Alexander Shulepov ပါ။ သူက COVID-19 ကူးစက်ခံထားရပါတယ်။ ဆရာဝန်ကြီးကလည်း ကျွန်တော်တို့ကို ဖိအားပေးခိုင်းနေပါတယ်။ ဒီအခြေအနေမှာ ဘာလုပ်ရမှာလဲ။ ကျွန်တော်တို့နှစ်ယောက်စလုံး မနားဘဲ အလုပ်လုပ်နေရတာ တစ်လလောက်ရှိပြီ။ လူတိုင်းက ဒါမဟုတ်ဘူးလို့ပြောနေပေမယ့် အဖြစ်မှန်တွေပါ” ဟု ပြောခဲ့သည်။

Kosyakin က Shulepov သည် သိရသလောက် အခြေအနေစိုးရိမ်ရကြောင်း၊ ဧပြီ ၃၀ ရက်က သူနှင့် နောက်ဆုံး စကားပြောခဲ့ကြောင်းနှင့် အချင်းချင်းစောင့်ရှောက်နေရကြောင်း နောက်ပိုင်းတွင် CNN ကို ပြောပြခဲ့သည်။

“သူက နေကောင်းနေပါပြီ။ ဆေးရုံကတောင်ဆင်းတော့မယ်။ ဒါပေမယ့် ရုတ်တရက်ကြီး ခုလိုပြုတ်ကျခဲ့တာ။ ဘာကြောင့်မှန်းမသိဘူး ။ ကျွန်တော်လည်း မပြောပြတတ်ဘူး” ဟု Kosyakin ကဆိုသည်။

Shulepov သည် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ဆေးရုံကို အသိပေးပြီးသိပ်မကြာခင် အနားယူခဲ့သည်ဟု Novousmanskaya ဆေးရုံက CNN ကို ပြောပြခဲ့သည်။

အစောပိုင်း၌ စိတ်ခံစားမှုကြောင့် စွပ်စွဲပြောဆိုထားမှုများသည် မဟုတ်မမှန်ကြောင်း Shulepov ပြောဆိုထားသည့် ဒုတိယဗီဒီယိုဖိုင်သည် နောက်သုံးရက်အကြာတွင် ထွက်ပေါ်လာခဲ့သည်။

အဆိုပါဗီဒီယိုဖိုင်သည် တခြားဆရာဝန်နှစ်ဦး ဆေးရုံပြတင်းပေါက်များမှ ပြုတ်ကျသေဆုံးသွားပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ Elena Nepomnyashchaya သည်လည်း အထူးကြပ်မတ်ကုသဆောင်၌ တစ်ပတ်ကြာကုသပြီးနောက် မေလ ၁ ရက်တွင် ပြတင်းပေါက်မှ ပြုတ်ကျသေဆုံးခဲ့သည်။ Elena သည် မသေဆုံးမီက ဆရာဝန်နှင့် သူနာပြုများအတွက် PPE ဝတ်စုံ မလုံလောက်မှုကို ဆေးရုံအား ပြစ်တင်ပြောဆိုခဲ့ကြောင်းသိရသည်။ ဒေသဆိုင်ရာ ကျန်းမာရေးဌာနကိုမူ အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုထားသည်။

ထို့အတူ Star City အရေးပေါ်ကုသရေးဌာနမှ ဆရာဝန် အကြီးအကဲ Natalya Lebedeva သည် သူမ၏ဆေးခန်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းပြောဆိုပြီးနောက် ဧပြီ ၂၄ ရက်က ဆေးရုံခြောက်လွှာမှ ပြုတ်ကျကာ ‌သေဆုံးခဲ့သည်။ သံသယလူနာအဖြစ်စောင့်ကြည့်ခံထားရသည့် Natalya ၏ ပြုတ်ကျမှုကို မတော်တဆဖြစ်ရပ်ဟု ဆေးရုံက ထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်ရပ်သုံးခုကို ရုရှားဥပဒေအာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်။

ရုရှားတွင် COVID-19 ကူးစက်ခံရသူ ၁၅၅ ၃၇၀ ဦးရှိပြီး ၁၄၅၁ ဦး သေဆုံးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly