အွန်လိုင်း၌ဆေးခြောက်ရောင်းသည့်ဂိုဏ်းအား ထိုင်းရဲတပ်ဖွဲ့မှဖြိုခွင်း

အွန်လိုင်း၌ဆေးခြောက်ရောင်းသည့်ဂိုဏ်းအား ထိုင်းရဲတပ်ဖွဲ့မှဖြိုခွင်း

မေ ၅

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Thong Lor စီးပွားရေးဇုန်၌ အွန်လိုင်းမှ ဆေးခြောက်ရောင်းသည့်ဂိုဏ်းကို ထိုင်းရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ပြီး Pathum Thani နှင့် Ayutthaya မြို့တို့တွင် စီးနင်းမှုများပြုလုပ်ခဲ့ကာ ၁၂ ဦးဖမ်းဆီး ရမိခဲ့ကြောင်း Thong Lor ရဲတပ်ဖွဲ့မှ ဒု-ရဲမှူးကြီး Pakkapong Pongpetra က အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။  

ပထမအကြိမ်စီးနင်းမှုတွင် Bang Kapi ခရိုင်ရှိ ကားပြုပြင်ရေးဆိုင်၌ အသက် ၂၇ နှစ်အရွယ် Bank ဆိုသူနှင့် အပေါင်းအပါရှစ်ဦးကို ဆေးခြောက် သုံး ကီလိုဂရမ်၊ hallucinogenic မှိုများ နှင့်အတူ လက်ဝယ်ဖမ်း ဆီးရမိခဲ့သည်။

ဒုတိယအကြိမ်တွင် Pathum Thani ပြည်နယ်ရှိ ဈေးဝယ်စင်တာ ကားရပ်နားရာနေရာ၌ Diew (၂၄ နှစ်) ကို ဆေးခြောက် ၁.၅ ကီလိုဂရမ်နှင့်အတူ ဖမ်းမိခဲ့သည်။

ထို့နောက် ဘန်ကောက် Phaya Thai ခရိုင်ရှိ နေအိမ်၌ Boss (၂၉ နှစ်) ကို ဆေးခြောက် ၁.၅ ကီလိုဂရမ်၊ ဆေးခြောက်ပင် ခုနစ်ပင်နှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းခဲ့သည်။

အယုဒ္ဓယရှိ Bang Kapi ခရိုင်တွင်လည်း တရုတ်လူမျိုး Yinma (၃၆ နှစ်) ကို ဆေးခြောက် တစ်ကီလိုဂရမ်နှင့်အတူဖမ်းမိခဲ့ပြီး  ဆေးခြောက်ပင် ၃၁၇ ပင်ကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေး တန်ဖိုးမှာ ထိုင်းငွေ ဘတ် ခြောက်သန်း ခန့်တန်ဖိုးရှိသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

တရားခံဖြစ်သူ Diew က ဆေးခြောက်များကို တရုတ်လူမျိုးထံမှ ဝယ်ယူကြောင်း စုံစမ်းသိရှိရပြီးနောက် Bang Kapi ခရိုင် စီးပွားရေးအဆောက်အအုံမှ ဆေးခြောက်ပင် ၃၁၇ ပင်နှင့် Yinma တို့ကို ဖမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ Yinma က ဆေးခြောက်ပင်များကိုစိုက်ပြီး ရောင်းရန်အတွက် အခြောက်ခံထားကြောင်း ရဲ့တပ်ဖွဲ့ကို ဝန်ခံခဲ့သည်။

ဆေးခြောက်များကို ဆိုရှယ်မီဒီယာ၌ Heaven Herb အမည်ဖြင့် အဖွဲ့ဖွဲ့ပြီး ပြောဆိုရောင်းဝယ်ကာ အဖွဲ့ဝင်ပေါင်း ၆ ၀၀၀ ခန့်ရှိသည်။ ဖောက်သည်များထဲတွင် Thong Lor ၌ နေထိုင်သည့် နိုင်ငံခြားသားဧည့်သည်များလည်း ပါဝင်သည်ဟု Pakkapong က ပြောသည်။

Yinma ၏ပြောပြချက်အရ တစ်လလျှင် ဆေးခြောက် ၁၀ ကီလိုဂရမ်ထုတ်လုပ်နိုင်ပြီး တစ်နေ့လျှင် နိုင်ငံခြားသားနှင့်ထိုင်းလူမျိုးဖောက်သည် ၃၀ မှ ၄၀ ခန့်ဆီ ပို့ဆောင်ပေးရသည်ဟုဆိုသည်။ အဖမ်းမခံရခင်အချိန်အထိ Yinma သည် ဖောက်သည်ဦးရေ ၅၀၀၀  မှ ၆၀၀၀ အထိ ရောင်းချခဲ့ကြောင်းသိရသည်။

မီဒီယာများ၏ဖော်ပြချက်အရ Yinma သည် ဆေးခြောက်တစ်ကီလိုလျှင် ဘတ်ငွေ ၇၀၀ ၀၀၀ ရနိုင်သည်ဟု ဆိုသည်။ သံသယရှိသူအားလုံးကို ဆေးခြောက် တရားမဝင် လက်ဝယ်ပိုင်ဆိုင်မှု၊ အွန်လိုင်း၌ရောင်းဝယ်မှုတို့ဖြင့် စွဲချက်တင်ထားပြီး Yinma ကိုလည်း ဆေးခြောက်ပင်စိုက်ပျိုးမှုဖြင့် တရားစွဲဆိုထားသည်။

ရဲတပ်ဖွဲ့သည် တရားမဝင် ဆေးခြောက်ရောင်းဝယ်မှုပြုကြသည့် ထိုင်းနိုင်ငံသား ၁၁ ဦးနှင့် တရုတ်နိုင်ငံသားတစ်ဦးတို့အား ဖမ်းဆီးရခဲ့ပုံအသေးစိတ်ကို အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ရှင်းပြခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly