ဂျပန်နိုင်ငံ၌ အရေးပေါ်အခြေအနေအား မေ ၃၁ ရက်အထိ ထပ်တိုး

ဂျပန်နိုင်ငံ၌ အရေးပေါ်အခြေအနေအား မေ ၃၁ ရက်အထိ ထပ်တိုး
Japanese Prime Minister Shinzo Abe announces that his government has officially extended the country's state of emergency. (Photo by Uichiro Kasai)

မေ ၅

ဂျပန်နိုင်ငံတွင် အရေးပေါ်အခြေအနေကို မေ ၃၁ ရက်အထိ ထပ်တိုးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မေ ၄ ရက်၌ တရားဝင် ကြေညာသည်။

အဆိုပါ အရေးပေါ်အခြေအနေသည် ကနဦး၌ မေ ၆ ရက်တွင် သက်တမ်းကုန်ရန် ရှိခြင်း ဖြစ်သည်။

ကမ္ဘာ့တတိယအကြီးဆုံး ဂျပန်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပေါက်ကွဲတိုးပွားနေသည်ကို ရင်ဆိုင်ဖြေရှင်းနေရသည့် အမေရိကန်နှင့် ဥရောပတို့၏ ကြောက်မက်ဖွယ် ကံကြမ္မာမျိုးမှ လွတ်မြောက်နေသည်။ ဂျပန်နိုင်ငံသည် ဗိုင်းရပ်စ်ကူးစက်မှုအသစ် အထွဋ်အထိပ် နေ့ရက်များကို လွန်မြောက်ပြီးပုံလည်း ရသည်။

နိုင်ငံအတွင်း အသစ်ကူးစက်သူဦးရေနှုန်းထားသည် တစ်ဖြည်းဖြည်း ကျဆင်းလျက် ရှိနေသည်။ “အရင်က နိုင်ငံအတွင်း နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၇၀၀ လောက် ရှိခဲ့တယ်။ ဒါပေမယ့် ဒီနှုန်းထားဟာ ၂၀၀ အထိ ကျဆင်းသွားပြီဖြစ်တယ်။”ဟု ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောသည်။

သို့သော်လည်း ဌာနေအာဏာပိုင်များအား ပြည်သူများအား အိမ်ထဲမှာပဲ နေရန်နှင့် စီးပွားရေး လုပ်ငန်းအချို့ကို ပိတ်ထားကြရန် မေတ္တာရပ်ခံနိုင်ခွင့် ရှိသည့် အရေးအပေါ် အခြေအနေ အမိန့်ကို ရုပ်သိမ်းရန်မှာမူ စောလွန်းသေးသည်ဟု အာဘေးက ပြောသည်။

“အားလျော့လာတဲ့ ကျန်းမာရေးစနစ် တိုးတက်ကောင်းမွန်ဖို့အတွက် အချိန် တစ်လလောက်ကို လိုအပ်မှာ ဖြစ်တယ်။ အသစ်ကူးစက်မှု လျော့နည်းကျဆင်းနေတယ်ဆိုပေမယ့် လိုအပ်တဲ့ အဆင့်ဆီထိ မရောက်သေးဘူး။”ဟု တနင်္လာနေ့ ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ၌ အာဘေးက သတင်းထောက်များအား ပြောခဲ့သည်။

အရေးပေါ် အခြေအနေ ရုပ်သိမ်းနိုင်ရန်အတွက် နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်မှုက ၁၀၀ အောက် ရောက်ရှိမှ ဖြစ်မည်ဟု ဝန်ကြီးချုပ် အာဘေးက ပြောသည်။ “နိုင်ငံအနှံ့မှာ ပြန်လည်သက်သာလာသူ နေ့စဉ် ၁၀၀ ကျော်ထက်မနည်း ရှိနေတယ်။ အသစ်ကူးစက်တဲ့နှုန်းဟာ အဲဒီ ၁၀၀ အောက်နှုန်းကို ကျဆင်းမှ ဖြစ်မယ်။”ဟု ၎င်းက ပြောခဲ့သည်။

တစ်လအတွင်း အရေးပေါ်အခြေအနေ အဆုံးသတ်နိုင်ခြင်းမရှိသည့်အတွက် ဝန်ကြီးချုပ်က တောင်းပန်ရင်း ဆေးပညာရှင် အကြံပေးအဖွဲ့အနေဖြင့် မေ ၁၄ ဝန်းကျင်တွင် အခြေအနေကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုသွားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အရေးပေါ် အခြေအနေကို ဧပြီ ၇ ရက်၌ ပြည်နယ် ခုနစ်ပြည်နယ်တွင် စတင်ကြေညာပြီး ဧပြီ ၁၆ ရက်တွင် တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေကို ကြေညာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly