သာဓုကန်စက်မှုဇုန်အတွင်းရှိ World Jin အထည်ချုပ်စက်ရုံ အလုပ်သမား ၃၀၀ကျော် လုပ်ခလစာမရသောကြောင့် စက်ရုံပြင်ပတွင် စောင့်ဆိုင်းနေ

သာဓုကန်စက်မှုဇုန်အတွင်းရှိ World Jin အထည်ချုပ်စက်ရုံ အလုပ်သမား ၃၀၀ကျော် လုပ်ခလစာမရသောကြောင့် စက်ရုံပြင်ပတွင် စောင့်ဆိုင်းနေ
မေလ ၅ရက်နေ့က အလုပ်သမား ၃၀၀ကျော် စက်ရုံရှေ့တွင် စောင့်ဆိုင်းနေကြစဉ်။

ရန်ကုန်၊ မေ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သာဓုကန်စက်မှုဇုန်အတွင်းရှိ World Jin အထည်ချုပ်စက်ရုံမှ အလုပ်သမား ၃၀၀ကျော်သည် ဧပြီလအတွက် လုပ်ခလစာ မရရှိသေးသောကြောင့် စက်ရုံတာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက်ပေးရန် အဆိုပါ စက်ရုံရှေ့တွင်  နံနက်ပိုင်းမှ ယခုအချိန်ထိ စောင့်ဆိုင်းနေကြကြောင်း အလုပ်သမားများထံမှ သိရသည်။

ကိုရီးယားနိုင်ငံသားပိုင် World Jin အထည်ချုပ်စက်ရုံမှ တာဝန်ရှိသူများက စက်ရုံဝန်ထမ်းများကို နေရပ်အသီးသီးမှ ပြန်လာပြီး မေလ ၄ရက်နေ့တွင် အလုပ်ပြန်ဆင်းရန် ညွှန်ကြားခဲ့ပြီးနောက် ထိုရက်တွင် အလုပ်လာဆင်းသူများကို စက်ရုံအတွင်းသို့ ဝင်ခွင့်မပြုခဲ့ကြောင်း သိရသည်။

ထို့အပြင် အလုပ်သမားများမှာ ဧပြီလအတွက် လုပ်ခလစာမရရှိသေးသဖြင့် တောင်းခံရာမှာလည်း အလုပ်ရှင်ဘက်မှ တစ်စုံတစ်ရာ ပြန်လည်ပြောဆိုခြင်းမရှိသေးကြောင်း ထိုစက်ရုံမှ အလုပ်သမားတစ်ဦးဖြစ်သည့် မနှင်းနွယ်ဦးက ပြောသည်။

“စက်ရုံပိုင်ရှင် သူဌေးမက ဧပြီလ ၇ရက်နေ့က ကိုရီးယား ပြန်သွားတယ်လို့ သူနဲ့ နီးစပ်တဲ့သူတွေဆီက ညီမတို့ ကြားထားတယ် သူနဲ့ဆက်သွယ်လို့ရတဲ့သူတွေကလည်း တာဝန်ခံမှု၊ တာဝန်ယူမှု မရှိဘူး လစာပေးရမယ့်ကိစ္စနဲ့လည်း ဘာမှမပြောဘူး၊ အဲ့တာကြောင့် ဒီနေ့ထုတ်ရမယ့်နေ့မှာ အခက်အခဲတွေ ဖြစ်နေတာ အိမ်လစာတွေကလည်း ပေးရဦးမယ် ဘာမှတိတိကျကျ မသိတော့ အခု နေပူထဲထိုင်စောင့်နေရတာ”ဟု ၎င်းက ဆိုသည်။

အဆိုပါ စက်ရုံရှိ မန်နေဂျာများကို ဆက်သွယ်ရာတွင် အဆိုပါ လစာကိစ္စနှင့် ပတ်သတ်၍ ပြောဆိုနိုင်ခြင်းမရှိကြောင်း ၎င်းတို့မှာလည်း စက်ရုံဝန်ထမ်းများသာ ဖြစ်ကြောင်း စက်ရုံ၏ ဆိုက်မန်နေဂျာ ဦးအောင်ဝင်းက ပြောသည်။

World Jin အထည်ချုပ်စက်ရုံအနေဖြင့် အလုပ်ရှင်ဘက်မှ ပေးသွင်းရမည့် အလုပ်သမားများ၏ ရှစ်လစာ လူမှုဖုလုံရေးကြေးများ၊ လုပ်သက်ကြေးများကိုလည်း ပေးဆောင်ရန်ရှိနေသေးကြောင်းလည်းအလုပ်သမားများက ပြောသည်။

ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ဦးနိုင်ဌေးလွင်က “အဲ့စက်ရုံက လုပ်ငန်းရှင်က မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားဥပဒေကို မလိုက်နာတာများပြီ၊ အခုတစ်ခုတည်း မဟုတ်ဘူး အဲ့တာတွေနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ အကြောင်းကြားတယ်၊တိုင်တယ် ဒါပေမယ့် ဌာနတွေရဲ့ ကိုင်တွယ်မှုက နှောင့်နှေးတယ် အခုဆိုရင် လူမစုရဘာညာထုတ်ထားတော့ ကလေးတွေကို ပိုပြီး စိုးရိမ်မှုက များတယ်”ဟု ၎င်းကပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနကပြန်လည်ဖွင့်လှစ်ရန်စစ်ဆေးပြီးသည့်စက်ရုံများတွင်WorldJinအထည်ချုပ်စက်ရုံမပါဝင်သေးကြောင်း၊ယခုဖြစ်သည့်ကိစ္စရပ်ကိုတိတိကျကျမသိရှိရသေးကြောင်းအလုပ်သမားညွှန်ကြားရေးဦးစီးဌာနက သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly