ကိုရိုနာဗိုင်းရပ်စ်က ပို့ကုန်အော်ဒါများကို ထိခိုက်စေလျက်ရှိချိန် တရုတ်စီးပွားရေး ပြန်လည် နာလန်ထူလာသည့် လက္ခဏာ မတွေ့ရသေး

ကိုရိုနာဗိုင်းရပ်စ်က ပို့ကုန်အော်ဒါများကို ထိခိုက်စေလျက်ရှိချိန် တရုတ်စီးပွားရေး ပြန်လည် နာလန်ထူလာသည့် လက္ခဏာ မတွေ့ရသေး

မေ ၃

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မဖြစ်သေးခင်ကာလက တရုတ် ပရိဘောဂ စက်ရုံတစ်ရုံရှိ သစ်သားထည် ထုတ်လုပ်သည့် စက်များသည် မရပ်မနား လည်ပတ်နေခဲ့ရသည်။ တစ်ခါတစ်ရံ သီတင်းပတ်ကုန်များတွင် တညလုံးပင် လည်ပတ်ခဲ့ရသည်။ ယင်းအချိန်က ဥရောပနှင့် ဂျပန်တို့မှာ အော်ဒါ (အမှာစာ) များ အဆက်မပြတ် ဝင်ရောက်နေခဲ့ခြင်းကြောင့် ဖြစ်သည်။

ယခုအခါတွင် အလုပ်သမားများသည် အပတ်စဉ်တိုင်း အားလပ်ရက် နှစ်ရက်အထိ ရရှိနေကြပြီး တခြားနေ့များတွင်လည်း အလုပ်လုပ်ချိန် နှစ်နာရီ ရှိသည်ဆိုလျင် ကံကောင်းသည်ဟု မှတ်ယူနေကြရပြီဖြစ်သည်။

“ဒီလိုမျိုး အရင်က ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပါဘူး” ဟု ရှန်ကျန်းမြို့ ရှိ စက်ရုံကို ကြီးကြပ်နေသော ချန် က အင်တာဗျူးတစ်ခုတွင် ပြောသည်။

တရုတ်နိုင်ငံအနေဖြင့် ကပ်ရောဂါကြောင့် ဖြစ်ပေါ်သည့် စီးပွားရေးဆုတ်ယုတ်မှုကနေ လွတ်မြောက်အောင် လုပ်ရင်း တဖန် ပြန်လည်အောင်မြင်လာနိုင်ရေး ရုန်းကန်နေရချိန် တရုတ်စက်ရုံများသည်လည်း ထုတ်လုပ်မှုများကို တိုးမြင့်လုပ်ဆောင်နေကြသည်။ အသေးစားနှင့် အလတ်စား လုပ်ငန်း ၈၀ ရာခိုင်နှုန်းခန့်နှင့် အရွယ်အစားကြီး ကုမ္ပဏီလုပ်ငန်း အားလုံးနီးပါးတို့ လုပ်ငန်းများ ပြန်စနေခဲ့ပြီဖြစ်ကြောင်း တရုတ် ကုန်သွယ်မှု အာဏာပိုင်များက ပြောသည်။ သို့သော် မကြာသေးမီက ယင်းနိုင်ငံ၏ ဒေတာအချက်အလက်များအပေါ် အကဲဖြတ်သုံးသပ်မှုများအရ လျင်မြန်သည့် အကောင်းဘက် ပြန်လည်ဦးတည်သည့်အခြေအနေမျိုးကို မည်သည့်နေရာတွင်မှ မမြင်တွေ့ရသေးဟု ကောက်ချက်ချအဆိုပြုထားသည်။

ဗိုင်းရပ်စ်က ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေလျက် ရှိချိန် တရုတ်၏ ထိပ်တန်း ပို့ကုန် စျေးကွက်များဖြစ်သော အမေရိကန်နှင့် ဥရောပအပါအဝင် ပြည်ပမှ ပို့ကုန် အော်ဒါဝင်ရောက်မှုသည်လည်း တစထက်တစ လျော့ပါးလာနေသည်။ အလုပ်သမား အင်အားများသည်လည်း ဆက်လက် ကျုံ့ဝင်နေပြီး ကုမ္ပဏီများသည်လည်း ရှေ့အလားအလာနှင့်ပတ်သက်၍ မသေချာမရေရာမှုများနှင့် ကြံုတွေ့နေရသည်။

ကုန်ထုတ်လုပ်မှု လုပ်ငန်း ယုံကြည်မှုကို ညွန်ပြသည့် အညွန်းတစ်ခုဖြစ်သည့် တရုတ်၏ ဝယ်ယူရေးမန်နေဂျာများ၏ အညွန်းကိန်း Purchasing Managers’ Index (PMI) သည် ဧပြီလတွင် ၅၂ ကနေ ၅၀ ဒသမ ၈ ကို ကျဆင်းသွားခဲ့သည်။ ယင်းသည် စီးပွားရေး တိုးတက်ခြင်းနှင့် ကျုံ့ဝင်ကျဆင်းခြင်းအကြား ခွဲခြားထားသည့် အမှတ် ၅၀ ၏ အထက်တွင် ရှိနေရုံမျှသာ ဖြစ်သည်။

တရုတ်ပုဂ္ဂလိကစစ်တမ်းအဖွဲ့ (CBB) က ဧပြီနှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး ကုမ္ပဏီပေါင်း ၅၄၇ ခုအပေါ် လေ့လာထားသည့် စစ်တမ်းတစ်ခုအရ ဗိုင်းရပ်စ်သည် ဆောင်းဦးရာသီတွင် တကျော့ပြန်ဖြစ်လာမည်ကို ကုမ္ပဏီအမှုဆောင်အရာရှိ ၈၁ ရာခိုင်နှုန်းက စိုးရိမ်ပူပန်နေသည်ဟု သိရသည်။

အသေးစား လုပ်ငန်းများအတွက် ပြည်တွင်း အခက်အခဲဒုက္ခများ

တရုတ် ဂျီဒီပီ၏ ၆၀ ရာခိုင်နှုန်းကို ထည့်ဝင်နေသော ပုဂ္ဂလိက ကဏ္ဍသည်လည်း ဗိုင်းရပ်စ် အကျပ်အတည်းကြောင့် ထိခိုက်နာကျင်မှုများ ခံစားနေရသည်။ CBB စစ်တမ်းတွင် ပါဝင်ခဲ့သည့် အများစုအားဖြင့် ပုဂ္ဂလိကပိုင်ကုမ္ပဏီများအနက် ငါးပုံ ပုံ နှစ်ပုံကျော်သည် ထုတ်လုပ်နိုင်စွမ်း၏ ထက်ဝက်အောက်တွင်သာ လည်ပတ်နေရသည်ဟု ဖော်ပြခဲ့သည်။ ထုတ်လုပ်နိုင်စွမ်းအပြည့်အဝသို့ ရောက်ရှိထားခဲ့သည့် ကုမ္ပဏီအရေအတွက်မှာ ၄ ရာခိုင်နှုန်းမျှသာ ဖြစ်သည်။

ကုမ္ပဏီလေးခုတိုင်းအနက် တစ်ခုနှုန်းသည် ထုတ်လုပ်မှုဆိုင်ရာ ကျဆင်းမှုများ ဖြစ်ပေါ်နေသည်ဟု ဖော်ပြထားခဲ့သည်။

နိုင်ငံပိုင် ကုမ္ပဏီများနှင့်မတူသည်က ပုဂ္ဂလိကပိုင်နှင့် အသေးစားလုပ်ငန်းများသည် ခက်ခဲသည့် ကာလများအတွင်း လွတ်လပ်သော ချေးငွေကို ရယူနိုင်ခြင်း မရှိခြင်းပင် ဖြစ်သည်။ ယင်းအတွက်ကြောင့် ယင်းတို့ကို နိုင်ငံ စီးပွားရေး ပြန်လည်နာလန်ထူမှု အခြေအနေကို တိုင်းတာမှုအတွက် အရေးပါသော အညွန်းများဖြစ်လာစေခဲ့ကြောင်း ဒေတာ အကဲဖြတ်စိစစ်မှု ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ရှီဇတ် ကွာဇီ က ပြောသည်။

“ဒီ အခိုက်အတန့်မှာတော့ ပြန်လည် နာလန်ထူလာတဲ့ လက္ခဏာရပ်မျိုး မရှိသေးပါဘူး” ဟု ၎င်းက The Epoch Times ကို ပြောသည်။

ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများသည်လည်း ဧပြီလအတွင်း ရောင်းအား ကျဆင်းမှုများကို ဆက်လက်မြင်တွေ့နေခဲ့ရသည်။ အချိန်ကြာရှည်စွာ ရှိနေသော ဗိုင်းရပ်စ် သက်ရောက်မှုကြောင့် ဝင်ငွေဆုံးရှုံးမှုများ ဖြစ်ရသည်ဟု ကုမ္ပဏီ ငါးပုံပုံ သုံးပုံက မှတ်ယူထားကြောင်း စစ်တမ်းအရ သိရသည်။ အင်တာဗျူးမေးမြန်းခဲ့သော ကုမ္ပဏီများအနက် ၆၉ ရာခိုင်နှုန်းက ပြီးခဲ့သည့်လသည် ၎င်းတို့ ရရှိခဲ့သည့် အကောင်းဆုံး အခြေအနေတစ်ခုဖြစ်ခဲ့သည်ဟု မှတ်ယူစဉ်းစားခဲ့ကြပြီး စီးပွားရေးအခြေအနေသည် ပုံမှန်အတိုင်းသာ ဆက်ရှိနေခြင်း သို့မဟုတ် ပိုဆိုးရွားလာခဲ့ကြောင်း ဖော်ပြခဲ့သည်။

နိုင်ငံအရှေ့မြောက်ပိုင်း မူဒန်ကျန်း မြို့တွင် ဇနီးဖြစ်သူနှင့်အတူ နာမည်ကျော် ဝက်အူချောင်းဆိုင် ဖွင့်ထားသူ အမျိုးသားတစ်ဦးဖြစ်သည့် ဘောင် က ယခုအခါ လုပ်ငန်းစရိတ်စက လျှော့ချရန်အတွက် ဝန်ထမ်းအားလုံးကို ခွင့်ပေးထားရသည်ဟု သိရသည်။

ဗိုင်းရပ်စ် မဖြစ်ပွားခင်က ရရှိခဲ့သည့် ဝင်ငွေနှင့်ယှဉ်ပါက ယခုရရှိနေသော ဝင်ငွေသည် ဆယ်ပုံ ပုံ တစ်ပုံမျှသာ ရှိနေသည့်အတွက် ဆိုင်ငှားခနှင့် အခြား ရေနှင့် လျှပ်စစ်မီးသုံးစွဲမှု ကုန်ကျစရိတ်များကိုပင် ပေးဆောင်ရန် မလုံလောက်တော့ဟု သိရသည်။ အလားတူ ယင်းဧရိယာရှိ စားသောက်ဆိုင် ထက်ဝက်နီးပါးခန့်သည်လည်း လုပ်ငန်းပြုတ်သွားပြီဟု သိရသည်။

ကန်းစုပြည်နယ်မှ အုပ်ချုပ်ရေးမှူး တန် ရန်ကျန်းက ပြီးခဲ့သည့် ဧပြီ ၂၇ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ခက်ခဲကြမ်းတမ်းသည့် ကာလအတွင်း အသေးစားစီးပွားရေးလုပ်ငန်းများကို ကူညီပေးရန် မေတ္တာရပ်ခံခဲ့သည်။ ဇန်နဝါရီနောက်ပိုင်း ၎င်း၏ ပြည်နယ်တွင် ကုမ္ပဏီအများအပြား ပိတ်သိမ်းခြင်းမရှိသော်လည်း ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု၏ သက်ရောက်မှုက ယခုအခါ စတင် ပြသလာနေပြီဟု ၎င်းက သတိပေးသွားခဲ့သည်။

“ဒီ အကျပ်အတည်းကို ကျွန်တော်တို့ ဖြတ်မလျှောက်ဘူးဆိုရင် ဒီကနေ ဖြစ်လာမယ့် ဆိုးကျိုးတွေက လိပ်ပြာတောင်ပံ ရိုက်ခတ်ခြင်းဂယက် ကို သေချာပေါက် ဖန်တီးပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။ လူမှုဆိုင်ရာ မတည်ငြိမ်မှုများနှင့် နိုင်ငံရေး ဘေးကျပ်နံကျပ်ကာလကို ဖြစ်နိုင်ဖွယ်အကောင်းဆုံး အကျိုးဆက်များအဖြစ် ၎င်းက ညွန်းဆိုသွားခဲ့သည်။

ဘယ်သူမှ ပကတိအတိုင်း ခြေရာလက်ရာ မပျက် ရှိမနေနိုင်ခဲ့

ကမ္ဘာ့အကြီးဆုံး ပို့ကုန် စီးပွားရေးနိုင်ငံ တရုတ်တွင် ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်အတွင်း လုပ်ငန်း သန်းဝက်နီးပါးခန့် လုပ်ငန်းပြုတ်သွားခဲ့သည် ကို မြင်တွေ့ထားခဲ့ရသည်။ ယင်းသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်သည့် စီးပွားရေး ထိခိုက်မှု လက္ခဏာရပ်တစ်ခုကို ပြသနေခြင်းဖြစ်သည်။ ယင်းတို့အနက် လုပ်ငန်း ၂၆၀,၀၀၀ သည် ပို့ကုန်နှင့် ဆက်စပ်နေသော လုပ်ငန်းများဖြစ်သည်။

မတ်လအတွက် အလုပ်လက်မဲ့ဖြစ်မှုနှုန်းသည် ၅ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်ကြောင်း တရားဝင် ကိန်းဂဏန်းများအရ သိရပြီး အစောပိုင်းလကထက် ၀ ဒသမ ၃ ရာခိုင်နှုန်း ကျသွားခဲ့သည်။ သို့သော် ယင်းဒေတာများသည် ယုံကြည်နိုင်လောက်သည့် အနေအထားတွင် မရှိဟု လွတ်လပ်စွာ ရပ်တည်သော အကဲဖြတ်များက ပြောသည်။

လုပ်သား ၂၀၅ သန်းခန့် ( လူ ၁၅ ဦးလျင် တစ်ဦးနှုန်းနီးပါး ) သည် ဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် အလုပ်အကိုင်များကို ဆုံးရှုံးရနိုင်ကြောင်း ရှန်ကျန်းအခြေစိုက် hedge fund (အမြတ်ငွေများများရအောင် စွန့်စားရင်းနှီးမြုှပ်နှံသည့် ဘဏ္ဍာရေးလုပ်ငန်း) လုပ်ငန်းတစ်ခုဖြစ်သည့် Upright Capital ၏ ဥက္ကဌ လျို ချန်ကျီး ၏ ဧပြီလအစောပိုင်း ခန့်မှန်းချက်များအရ သိရသည်။

ဖေဖော်ဝါရီနှင့် ဧပြီလအတွင်း ကုမ္ပဏီ ၄,၀၀၀ နီးပါးကို စစ်တမ်းကောက်ယူထားရာတွင် “အလုပ်ဖြုတ်၊ရပ်စဲမှုက ဝန်ထမ်းသစ်ငှားရမ်းခေါ်ယူမှုများထက် ကျော်လွန်သွားခဲ့ပြီ” ဆိုသည်ကို ပြသနေခဲ့ကြောင်း ကွာဇီ က ပြောသည်။

“အနုတ်ဆောင်တဲ့ တိုးတက်မှုရဲ့ ကြီးမားတဲ့ ပမာဏတွေ၊ အဓိက စီးပွားရေး စွမ်းဆောင်မှု အညွန်းကိန်းတိုင်းမှာ ဖြစ်ပျက်နေတဲ့ ကျုံ့ဝင်မှုတွေကို ကျွန်တော်တို့ ကြည့်နေရပါတယ်” ဟု ၎င်းက ပြောသွားသည်။

ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ဒုတိယမြောက် လှိုင်းလုံးတစ်ခု ဖြစ်လာမည့်အရေး စိုးရိမ်ပူပန်မှုများ၏ ဗဟိုချက် ဖြစ်လာခဲ့သည့် တရုတ်မြောက်ပိုင်းမြို့ ဟာဘင်တွင် ပြည်သူများအနေဖြင့် နေ့စဉ်ကုန်ကျမှုများအတွက် ငွေအလုံအလောက် ရှာနိုင်ရန် ရုန်းကန်နေရချိန် ခြံထွက်ပစ္စည်းများနှင့် အစားအသောက် ဆိုင်ခန်းများ ရုတ်တရက်ဆိုသလို အစုအပြုံလိုက် ပေါ်လာခဲ့သည်။

တရုတ် တောင်ပိုင်း ကွမ်တုံ ပြည်နယ်က ဖိနပ်စက်ရုံတစ်ခုသည်လည်း ယင်း၏ ထုတ်လုပ်ရေးလိုင်းသုံးလိုင်းကို ရပ်ဆိုင်းထားရပြီး စီးအီးအိုနှင့် မန်နေဂျာအနည်းငယ်မှလွဲ၍ ဝန်ထမ်းအားလုံးကို ခွင့်ပေးနားထားရကြောင်း အလုပ်သမားတစ်ဦးက ပြောသည်။ ထို့ပြင် အဆိုပါဝန်ထမ်းသည်လည်း ယခုနှစ်အတွင်း ၎င်းအနေဖြင့် အလုပ်သို့ ပြန်သွားရန် မလိုအပ်ဟု မကြာသေးခင်က သိရှိထားသည်ဟုလည်း သိရသည်။

ဟူနန်ပြည်နယ်မှ တက္ကစီမောင်းသမားတစ်ဦးကလည်း ဗိုင်းရပ်စ် ကူးစက်မှုအလွန်ကာလတွင်း ၎င်း၏ အလုပ်အကိုင် ဝင်ငွေရရှိမှုသည် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ကျသွားသည်ဟု ပြောသည်။

“ဘယ်သူမှ အရင်အတိုင်း ဟန်မပျက် နေနိုင်တယ်ဆိုတာ မရှိတော့ပါဘူး” ဟု ၎င်းက ပြောသွားသည်။

“ဒါက တရုတ်တနိုင်ငံတည်းရဲ့ ပြဿနာမဟုတ်ပါဘူး၊ ဒါက တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ ပြဿနာပါ” ဟု ကွာဇီ က ပြောသည်။ “ဥရောပမှာ စီးပွားရေးလုပ်ငန်းတွေ အရင်အတိုင်း ပြန်လည်ပတ်တာကို မမြင်ရသရွေ့၊ အမေရိကန်မှာ လုပ်ငန်းတွေ အရင်အတိုင်း ပြန်လည်ပတ်လာတာကို မမြင်ရသရွေ့တော့ တရုတ်မှာ တရားဝင် ဇာတ်လမ်းတွေက ဘယ်လိုပဲဖြစ်ဖြစ် ပြန်လည် နာလန်ထူမှုကို မြင်ရဦးမှာမဟုတ်သေးပါဘူး” ဟု ၎င်းက ပြောသွားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly