ဂျပန်နိုင်ငံမှ ပြန်လာသူများအနက် အမျိုးသမီးနှစ်ဦး Quarantine မဝင်ဘဲ ထွက်ပြေးသွားခြင်းမှာ သတင်းမှားသာဖြစ်

ဂျပန်နိုင်ငံမှ ပြန်လာသူများအနက် အမျိုးသမီးနှစ်ဦး Quarantine မဝင်ဘဲ ထွက်ပြေးသွားခြင်းမှာ သတင်းမှားသာဖြစ်
ဓာတ်ပုံ - သူရ ( မဇ္ဈိမ )

မေ ၃

ဂျပန်နိုင်ငံမှ ပြန်လာသူ ၁၉၅ ဦးအနက် အမျိုးသမီးနှစ်ဦးမှာ Quarantine မဝင်ဘဲ ထွက်ပြေးသွားခြင်းမှာ သတင်းမှားသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက မိဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

COVID 19 ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေသော ဂျပန်နိုင်ငံရောက်
မြန်မာနိုင်ငံသား ၁၉၅ ဦးသည် မေလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ထိုသို့ရောက်ရှိလာသော ၁၉၅ ဦးအနက် အမျိုးသမီးနှစ်ဦးမှာ Quarantine မဝင်ဘဲ ထွက်ပြေးသွားကြောင်း Zaw Moe Than ဆိုသည့် ဖေစ့်ဘွတ်အကောင့်က စတင်ခဲ့ခြင်ဖြစ်ပြီး ဖေ့စ်ဘွတ်သုံးစွဲသူများအကြား မိနစ်ပိုင်းအတွင်း ပျံနှံ့ခဲ့ခြင်းလည်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “သတင်းမှားပါ။ ကျွန်တော်တို့ စစ်ပြီးပြီ။ ၁၉၅ ယောက်ပြည့်တယ်။ ရဲသတင်းအရဆိုလို့ရှိရင် အဲဒီလာမယ့်လေယာဉ်ပျံနဲ့ ဂျပန်ကိုပြန်လိုက်မယ့် အမျိုးသမီးနှစ်ဦးဖြစ်ပါတယ်။ သူတို့တွေဟာ ဗီဇာမကိုက်လို့ အိမ်ပြန်သွားတာပါ။” ဟု ပြောသည်။

လက်ရှိမှာ အဆိုပါ သတင်းကို စတင်ဖြန့်ဝေခဲ့သော Zaw Moe Than အကောင့်တွင် ပြန်လည်ဖြုတ်ချလိုက်ပြီဖြစ်ကာ “ မြန်မာပြည်က လူတွေအတွက် စိုးရိမ်လွန်ပြီး လေဆိပ်က အမျိုးသမီးနှစ်ဦးပုံနဲ့ ကားပုံများ တင်မိသားတွဲအတွက် အားလုံးကိုတောင်းပန်ပါတယ်” ဆိုပြီး ပြန်လည်ရေးတင်ထားသည်ကို တွေ့ရသည်။

ဂျပန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအနက် သဲအင်းဂူတွင် ၁၃၆ ဦး၊ မြရွှေပင်တွင် ၅ ဦးနှင့် ရွှေပြည်စံရာတွင် ၃၇ ဦး၊ Summer Place Hotel တွင် ၁၆ ဦးနှင့် စစ်ကြောရေးတွင် ၁ ဦး စုစုပေါင်း ၁၉၅ ဦး Quarantine ဝင်နေကြောင်း ဦးနိုင်ငံလင်းက သူ့ဖေစ့်ဘွတ်အကောင့်တွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly