COVID-19 လူနာများကို ကုသပေးခဲ့သည့် နယူးယော့ခ် ဆရာဝန်တစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေ

COVID-19 လူနာများကို ကုသပေးခဲ့သည့် နယူးယော့ခ် ဆရာဝန်တစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေ

ဧၿပီ ၂၉

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာများကို ကိုယ်ဖိရင်ဖိ ကုသပေးခဲ့သည့် ဆရာဝန်တစ်ဦး ယခုအခါ သူမကိုယ်သူမ အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့် အခြားဆရာဝန်များက အဆိုပါဖြစ်စဉ်ကို လက်ရှိကာလတွင်း COVID-19 ကို တိုက်ပွဲဝင်ရင်း ကျန်းမာရေးစောင့်ရှောက်မှု အမှုထမ်းများ ရင်ဆိုင်ခံစားနေသည့် စိတ်ဒဏ်ရာဒဏ်ချက်များနှင့် ချိတ်ဆက် ပြောဆိုလျက် ရှိသည်။

အသက် ၄၉ နှစ်ရှိ ဆရာဝန် လော်နာ ဘရင်းသည် ဗာဂျီးနီးယားပြည်နယ် Charlottesville မြို့တွင် မိမိကိုယ်ကိုယ် ထိခိုက်အနာတရဖြစ်စေသည့် ဒဏ်ရာဒဏ်ချက်များနှင့်အတူ ဧပြီ ၂၆ ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ လော်နာသည် အဆိုပါ မြို့တွင် သူမ၏ မိသားစုနှင့်အတူ နေထိုင်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဘရင်းသည် နယူးယော့ခ်မြို့ မန်ဟက်တန်ရှိ New York-Presbyterian Allen ဆေးရုံ၏ အရေးပေါ်ဌာနကို ဦးစီးခဲ့သူ ဖြစ်သည်။ အဆိုပါ ဌာနသို့ ပြီးခဲ့သည့်ကာလများအတွင်း COVID-19 လူနာများ အလုံးအရင်းဖြင့် ရောက်ရှိခဲ့မှုများ ရှိထားခဲ့သည်ဟု သိရသည်။

ဆရာဝန် လော်နာသည် မည်သည့်အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် အဆံးစီရင်သွားသလဲ ဆိုသည်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသော်လည်း COVID-19 ကြောင့် ဖြစ်ပေါ်သည့် စိတ်ဖိစီးမှုများက သူမ သေဆုံးမှုကို ဖြစ်စေသည့် အကြောင်းရင်းဖြစ်နိုင်ကြောင်း သူမ၏ မိသားစု၊ ရဲတပ်ဖွဲကနှင့် အခြားဆရာဝန်များက ကောက်ချက်ချထားသည်။

“သူဟာ သူ့အလုပ်ကို ကြိုးစားလုပ်ခဲ့တယ်၊ ဒါပေမယ့် အဲဒါက သူ့ကိုပါ သတ်သွားခဲ့ပါတယ်” ဟု ဖခင်ဖြစ်သည့် ဖိလစ် ဘရင်းက နယူးယော့ခ်တိုင်းမ်စ်ကို ပြောသည်။

ဆရာဝန် လော်နာသည် ယခင်က စိတ်ကျန်းမာရေး အားနည်းသည့် မှတ်တမ်းမျိုး မရှိခဲ့ကြောင်း၊ သို့သော် သူမကိုယ်တိုင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း၊ ယင်းနောက် အလုပ်သို့ ပြန်သွားခဲ့သော်လည်း အိမ်ပြန်ပို့ခံခဲ့ ရကြောင်း ဖိလစ် ဘရင်းက ပြောသွားခဲ့သည်။

“တကယ်တမ်းကျတော့ ရှေ့တန်းနေရာမှာ ရောက်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းတွေဟာလည်း လက်ရှိဖြစ်နေတဲ့ ကပ်ရောဂါကြောင့် ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ခံနိုင်ရည် ရှိကြသူတွေမဟုတ်ကြပါဘူး” ဟု Charlottesville  ရဲတပ်ဖွဲ့အကြီးအကဲ Rashall Brackney က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required