ပန်းကန်ပြားပျံ ဗီဒီယိုဖိုင်များကို ပင်တဂွန် တရားဝင် ထုတ်ပြန်

ပန်းကန်ပြားပျံ ဗီဒီယိုဖိုင်များကို ပင်တဂွန် တရားဝင် ထုတ်ပြန်

ဧပြီ ၂၉

ပုဂ္ဂလိက ကုမ္ပဏီတစ်ရပ်မှ ယခင်က ထုတ်လွှင့်ခဲ့ဖူးသည့် ‘အမျိုးအမည်မသိ ကောင်းကင်ဖြစ်စဉ်များကို မြင်တွေ့ရသော ဗီဒီယိုအတို ဖိုင်သုံးဖိုင်ကို ပင်တဂွန်က တရားဝင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ဗီဒီယိုများတွင် အနီအောက်ရောင်ခြည် ကင်မရာများဖြင့် မှတ်တမ်းတင်နိုင်ခဲ့သော ပန်းကန်ပြားပျံဟု‌ ခေါ်ကြသည့် အမျိုးအမည်မသိ ပျံသန်းနေသော အရာများ UFO များ တဟုန်ထိုး ပျံသန်းနေသည်ကို မြင်တွေ့ရသည်။

ဗီဒီယို နှစ်ဖိုင်တွင် လေယာဉ်မှူးများက ယင်း UFO များ၏ လျင်မြန်လွန်းသော ပျံသန်းအရှိန်နှုန်းကို တအံ့တဩ ပြောဆိုနေသည်ကို ကြားရသည်။ မောင်းသူမဲ့ဒရုန်းယာဉ်တစ်စင်းဖြစ်နိုင်သည်ဟု ထင်ကြေးပေးပြောဆိုသံကိုလည်း ကြားရသည်။

ပျံ့နှံ့ခဲ့သော ယခု ဗီဒီယိုများသည် အစစ်အမှန် ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရေတပ်က ဝန်ခံထားဖူးသည်။

အဆိုပါ ပျံ့နှံ့ခဲ့သည့် ဗီဒီယိုများက အစစ်အမှန် ဟုတ်မဟုတ် ပြည်သူများကြား ယုံမှားသံသယများ ကင်းရှင်းရန်အတွက် ယခုအချိန်တွင် တရားဝင် ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ပင်တဂွန် ပြောခွင့်ရသူ ဆူးဂို့ရှ်က ဆိုသည်။

“သုံးသပ်မှုတွေ လုပ်ဆောင်အပြီးမှာ ဒီ ဗီဒီယိုတွေကို ထုတ်ပြန်တာဟာ ထိလွယ်ရှလွယ် ပြဿနာတွေ ဖြစ်ပေါ်စေမှာ မဟုတ်ဘူးလို့ ပင်တဂွန်အနေနဲ့ ဆုံးဖြတ်မိပါတယ်။ ပဟေဠိဖြစ်ရတဲ့ အခု ကောင်းကင်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောက်ပိုင်း စုံစမ်းစစ်ဆေးမှုတွေကိုလည်း မထိခိုက်ဘူးလို့ ယူဆပါတယ်။”ဟု ထုတ်ပြန်ချက်၌ ဆူးဂို့ရှ်က ဆိုထားသည်။

လက်ရှိ၌ ပန်းကန်ပြားပျံဖြစ်နိုင်သည်ဟု ယုံကြည်ရသော အရာများကို တွေ့ရှိသည့်အခါ သတင်းတင်ပြကြရန် လေယာဉ်မှူးများကို ရေတပ်က တရားဝင်ခွင့်ပြုချက် ချထားပေးလိုက်ပြီ ဖြစ်သည်။

အမျိုးအမည်မသိ ပျံသန်းနေသောအရာများကို ၂၀၀၄ ခုနှစ်က မြင်တွေ့ခဲ့သည့် လေယာဉ်မှူးတစ်ဦးက ယင်း အရာဝတ္ထု၏ ရွေ့လျားပျံသန်းပုံက ထူးဆန်းပြီး မရှင်းပြနိုင်ဖြစ်ရကြောင်း CNN သတင်းဌာနသို့ ၂၀၁၇ ခုနှစ်က ပြောခဲ့သည်။

ယခု ဗီဒီယိုများသည် ၂၀၁၇ ဒီဇင်ဘာနှင့် ၂၀၁၈ မတ်လအတွင်း Blink-182 ဂီတဝိုင်းသားဟောင်း တွမ်ဒီလောင့် ပူးတွဲတည်ထောင်သည့် The Stars Academy of Arts & Science ကုမ္ပဏီမှ ပထမဦးစွာ ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly