ဗြိတိန်တွင် အရက်ဆိုင်များ ပြန်ဖွင့်ပါက ဘီယာကို ခွဲတမ်းဖြင့်သာ သောက်ရနိုင်

ဗြိတိန်တွင် အရက်ဆိုင်များ ပြန်ဖွင့်ပါက ဘီယာကို ခွဲတမ်းဖြင့်သာ သောက်ရနိုင်

ဗြိတိန်နိုင်ငံတွင် လူခွာနေခြင်း social distancing ကို အကူအညီဖြစ်စေရန် အရက်ဆိုင်ပိုင်ရှင်များအနေဖြင့် လာရောက်သောက်စားကြမည့်သူများအား ဘီယာ နှစ်ပိုင့် သို့မဟုတ် သုံးပိုင့်သာ ခွဲတမ်းဖြင့် ရောင်းချ သောက်စေပြီး အိမ်ပြန်ခိုင်းမည်ဆိုပါက အရက်ဆိုင်များ ပြန်ဖွင့်နိုင်မည်ဟု ဆိုသည်။  

အရက်ဆိုင်၊ ဘားဆိုင် ထိုင်ခြင်းသည် ဗြိတိသျှယဉ်ကျေးမှု၏ အရေးပါသော အစိတ်အပိုင်းဖြစ်သည်ဟု အဝင်အထွက်ပိတ် lockdown ချခြင်းနှင့် ပတ်သက်ပြီး အကြံပေးဖြစ်သူ လန်ကာစတာတက္ကသိုလ်မှ ပါမောက္ခ အီယယ်ဝင်းတားက ပြောသည်။

အရက်ဆိုင်များ ပြန်ဖွင့်သည့်အခါ လူခွာနေခြင်းကို ပြဋ္ဌာန်းကျင့်သုံးရလိမ့်မည်ဟု ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များ မည်သို့ ဖြေလျော့မည်ဆိုသည်နှင့် ပတ်သက်ကာ နိုင်ငံရေးသမားများအား အကြံပေးလျက် ရှိသည့် စီးပွားရေးပညာရှင်ဖြစ်သူ ဝင်းတားက ပြောသည်။

၎င်း၏ အဆိုပြုချက်များမှ ဖြစ်လာနိုင်သော ရလဒ်တစ်ခုမှာ ဆိုင်တွင် လူပြည့်ခြင်းကို ရှောင်ရှားရန်အတွက် တော်တော်များများက အရက်ဆိုင်ဆီ တစ်နေ့လျှင် တစ်ခေါက်မက သွားကြမှုများ ဖြစ်လာနိုင်သည်။

Lockdown လုပ်ငန်းစဉ်များ ရပ်စဲသည်နှင့် စည်းပျက်ကမ်းပျက်နိုင်သောသူများ ရှိလာနိုင်ခြင်းကြောင့်လည်း ပြဋ္ဌာန်းစည်းမျဉ်းများကို ချိုးဖောက်သူများကို ဒဏ်ရိုက်သင့်ကြောင်း ၎င်းက The Guardian သတင်းစာသို့ ပြောသည်။

ထိုပြင် ပြဇာတ်ရုံများနှင့် ရုပ်ရှင်ရုံများကို ပြန်ဖွင့်နိုင်မည်ဖြစ်သော်လည်း လူခွာနေခြင်းကို ကျင့်သုံးနိုင်ရန် လက်မှတ်များ၏ တစ်ဝက်ကိုသာ ရောင်းချပြီး ဝင်ငွေ မလျော့အောင်အတွက် အမြင့်ဈေးဖြင့် လက်မှတ်များ ရောင်းချရမည်ဟု ၎င်းက ပြောသည်။

ဗြိတိန်နိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံ၏ လမ်းစဉ်ကို လိုက်သင့်ကြောင်း၊ ဂျာမနီသည် lockdown မှ ထွက်ချိန် ကန့်သတ်ချက်များ လျှော့ချရာ၌ တိကျသော ရက်ကာလနှင့် ရည်မှန်းချက် ရှိထားကြောင်း ဝင်းတားက ပြောခဲ့သည်။

ဗြိတိန်နိုင်ငံတွင် အရက်ဆိုင်နှင့် ဘားဆိုင်များကို မတ် ၂၃ ရက်မှစကာ ပိတ်ထားခဲ့ရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly