မိုးကုတ်မြို့ အခြေခံလူတန်းစားများအတွက် အရစ်ကျအိမ်ယာစီမံကိန်း တည်ဆောက်ရန် ကြာဦးမည်

မိုးကုတ်မြို့ အခြေခံလူတန်းစားများအတွက် အရစ်ကျအိမ်ယာစီမံကိန်း တည်ဆောက်ရန် ကြာဦးမည်

မိုးကုတ်၊ နိုဝင်ဘာ ၄ ။               ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်၊ ရေပူကျေးရွာ၌ အခြေခံလူတန်းစားများ အတွက် အရစ်ကျပေးဆပ်ရမည့် အိမ်ယာစီမံကိန်း အကျိုးတူတည်ဆောက်ရန် Golden Butterfly နှင့် The Infrastructure of Myanmar ကုမ္ပဏီတို့ နိုဝင်ဘာ ၂ ရက်က မိုးကုတ်မိုတယ်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့သော်လည်း တည်ဆောက်ရန် ကြာဦးမည်ဟု နှစ်ဘက်စလုံးက ပြောကြားသည်။

''မိုးကုတ်မြို့ရဲ့သဘာဝက တောင်စောင်းတွေများတယ်၊ ခုထိဒီဇိုင်းဆွဲလို့မရသေးဘူး၊ လေးထောင့် စတုရန်း ဆိုရင် ဘယ်လိုချပေးရမလဲသိတယ်။ ဒါဘယ်လိုလုပ်သင့်တယ်ဆိုတာ မိုးကုတ်မြို့ပြည်သူ တွေနဲ့ ပူးပေါင်းဆွေးနွေးပြီးလုပ်ဆောင်သွားမယ်။ အစိုးရက သဘောတူခွင့်ပြုချက်ရရင် ကျွန်တော်တို့ ဆောက်တာမကြာဘူး။ အဓိက ခွင့်ပြုမိန့်။ စာတင်ဖို့က Golden Butterfly ဥက္ကဋ္ဌ ဦးယောဆက် တို့လုပ်ပါမယ်။ ၂၀၁၇ နောက်ဆုံးမှန်းထားတယ်။'' ဟု The Infrastructure of Myanmar ၏ဥက္ကဋ္ဌ ဦးသန်းဦးက စာချုပ်ချုပ်ဆိုအပြီး မဇ္ဈိမသို့ပြောသည်။

Golden Butterfly ကုမ္ပဏီမှ ဒုတိယမန်နေဂျာ ဦးမောင်မောင်လွင်က စာရွက်စာတမ်းများ သက်ဆိုင်ရာဌာန အသီးသီးသို့တင်ထားပြီး ခွင့်ပြုမိန်ကျမှ စတင် တည်ဆောက်မည်ဖြစ်ကာ ယခုတည်ဆောက်မည့် မို့ကုတ်မြို့အနီး ရေပူကျေးရွာရှိ ၎င်းတို့ပိုင် ၂၃ ဧက မြေနေရာမှာ အရှုတ်အရှင်းကင်းသည့် တစ်ဦးတည်းပိုင် စက်ရုံဟောင်းနေရာဖြစ်သည်ဟုဆိုသည်။

တိုင်းနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသား ဆင်းရဲသားပြည်သူများ တသက်တာတွင် အိုးပိုင်အိမ်ပိုင် ရရှိအောင် အကောင်အထည်ဖော်ပေးပြီး၊ လုံခြုံသည့် အမိုးအကာအောက်တွင် သာမန်ဆင်းရဲသား ပြည်သူများ၏ ပီတိမြင်တွေ့လိုကာ စီမံကိန်းစသည်နှင့် ဒေသခံပြည်သူများအလုပ်အကိုင် ရစေမည်ဟု The Infrastructure of Myanmar ၏ အထက်မြန်မာပြည်တာဝန်ခံ ဦးမျိုးနိုင်က ပြောကြားသည်။

အဆိုပါအရစ်ကျပေးဆပ်ရမည့် အိမ်ယာမှာ တစ်ခန်းလျှင် တစ်လ ၃ သောင်းကျပ်ဖြင့် နှစ် ၃၀ အရစ်ကျ ဝယ်လျှင်ကျပ် ၁၀၈ သိန်းကျသင့်မည်ဖြစ်ပြီး လက်ငင်းဝယ်ယူလျှင် ကျပ်သိန်း ၈၀ သတ်မှတ်ထားသည်။ အခန်းပြန်ရောင်းလိုလျှင် လက်ကျန်ငွေ အားလုံးသွင်းပြီးမှ ပြန်ရောင်းနိုင်မည်ဖြစ်သည်။

နှစ်ဘက်ကုမ္ပဏီက ၂၀ ဧက သဘောတူစာချုပ်ထားသော်လည်း အကျယ် ၂၃ ဧကပေါ်တွင် ဆောက်လုပ်ပြီး တစ်ခန်း ၆၀၀ စတုရန်းပေ ကျယ်ဝန်းကာ လူနေမှုစနစ် အရည်အသွေးရှိရှိ၊ ခိုင်မာအောင်တည်ဆောက်မည်ဟု ဦးသန်းဦးက ပြောသည်။

''သဘာဝဘေးအန္တရာယ် အသက်အိုးအိမ်စည်းစိမ်အတွက် ကုမ္ပဏီအာမခံထားပြီး ပိုင်ဆိုင်မှုကို ကာကွယ်ပေးထားမယ်။ ကျွန်တော်တို့က ၈၀ ရာခိုင်နှုန်း၊ Golden Butterfly ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း အကျိုးအမြတ်ရမှာပါ။'' ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ နှစ် ၃၀ အရစ်ကျအိမ်ယာများကို ရန်ကုန်၊ မုံရွာ၊ ဘားအံ၊ မိုးကုတ်မြို့တို့တွင် သဘောတူညီမှုရရှိထားပြီး၊ မြန်မာတစ်နိုင်ငံလုံးတွင် အိမ်ခန်း ၂ သန်းခန့် ဖော်ထုတ်မည်ဟု The Infrastructure of Myanmar ကုမ္ပဏီမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly