ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလရှင်ကျောင်းအချို့တွင် ဆွမ်းပြတ်လပ်မှုရှိနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလရှင်ကျောင်းအချို့တွင် ဆွမ်းပြတ်လပ်မှုရှိနေ
Photo - AFP

ရန်ကုန်၊ ဧပြီ ၂၈

COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ကျောင်း အပြင်သို့ ထွက်ခွင့်မရခြင်း၊ လာရောက်လှူ ဒါန်းသည့် အလှူ ရှင်နည်းပါခြင်းတို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလရှင်ကျောင်းအချို့တွင်  ဆွမ်းရိက္ခာပြတ်လပ်မှုများ ရှိနေကြောင်း အဆိုပါသီလရှင်ကျောင်းများသို့ ရိက္ခာသွားရောက်လှူ ဒါန်းနေသည့် Youth Social Group ထံမှ သိရသည်။

“ကျွန်တော်တို့ သွားလှူ တာကတော့ သီလရှင်ကျောင်းက ၁၀ကျောင်းလောက်ရှိနေပြီ။ပုလဲဘက်က ကျွန်တော်တို့သွားလှူ တဲ့ကျောင်းဆိုရင် ဆရာလေး အသက်က ၉၈လောက် ရှိနေပြီ ။သူကို့ လာလှူ သွားတဲ့သူတော့ ရှိတယ်။ဒါပေမယ့် အဲ့ဆွမ်းက အလွန်ဆုံးခံရင် ၂ရက်လောက်ပဲ ကျန်တော့မယ်”ဟု Youth Social Groupမှ အကြံပေး ကိုနေရှိုင်းက ဆိုသည်။

လက်ရှိတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ သဟပုညကာရီသီလရှင် ကမ္မဌာန်းကျောင်းတိုက်အတွင်းမှ သီလရှင်ကျောင်းပေါင်း ၄၀ ကျော်မှာ  ဆွမ်းရိက္ခာ ပြတ်လပ်နေကြောင်းသဟပုညကာရီသီလရှင် ကမ္မဌာန်းကျောင်းတိုက်မှ ဆရာလေးဒေါ်စန္ဒာထေရီက မိန့်ကြားသည်။

“ရောဂါကြောင့် ဘယ်သူမှ မထွက်ရတော့ဘူးလေ။မတ်လ ၃၀ရက်နေ့ကတည်းက အမိန့်ချထားလိုက်တာ။ ဘယ်သူမှ အလှူ ခံမထွက်ရတော့ ဆွမ်းဘုန်းကိစ္စလေးက အရေးကြီးလာတာပေါ့နော်။ ပရဟိတအဖွဲ့တွေကို ဆက်သွယ်ရတာပေါ့။အလှူ ရှင်တွေ လာရင် ဆန်က နှစ်အိတ်၊ သုံးအိတ်၊ ဆယ်အိတ်လာပေးတယ်။ အချိုးကျ ပြန်ဝေရတာပေါ့။ဒါတောင် သက်ကြီးတွေပဲ ဝေနိုင်တယ်။ငယ်တဲ့သူတွေကို မဝေနိုင်ဘူး ။မလောက်လို့လေ”ဟု ဒေါ်စန္ဒာထေရီက ပြောသည်။

အဆိုပါ ကမ္မဌာန်းကျောင်းတိုက်ဝင်းအတွင်းတွင် သီလရှင်ကျောင်းပေါင်း ၄၇ကျောင်းရှိပြီး သက်ကြီးသီလရှင်ပေါင်း ၆၇ပါး ရှိသည်ဟု သိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အလှူ ရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သီတင်းသုံးနေထိုင်သော ရဟန်း၊ သံဃာ၊ သာမဏေနှင့် သီလရှင်များ ဆွမ်း၊ ကွမ်းကိစ္စ အခက်အခဲမရှိစေရန် စီစဉ်နေသည်ဟု ဧပြီလ ၄ရက်နေ့က ထုတ်ပြန်ထားသည်။

သို့သော် ယနေ့ချိန်ထိ စီစဉ်ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ရဟန်းသံဃာများနှင့် သီလရှင်အချို့က မိန့်ကြားသည်။

ထို့သို့ ရိက္ခာပြတ်လပ်မှုရှိနေသည့် ကျောင်းများကို တာဝန်ရှိသူများအနေဖြင့် လစဉ်ထောက်ပံ့မှုများ ပြုလုပ်ပေးသင့်သည်ဟု လူမှုပရဟိတအဖွဲ့တစ်ခုဖြစ်သည့် Youth Social Groupမှ အကြံပေး ကိုနေရှိုင်းက ဆိုသည်။

“ဝန်ကြီးဌာနကပဲဖြစ်ဖြစ်၊အစိုးရကပဲ ဖြစ်ဖြစ်ထောက်ပံ့ပေးစေချင်တယ်။ဒါမှမဟုတ် အစိုးရကနေ အခုမြို့နယ်အလိုက် မရှိဆင်းရဲသားတွေကိုထောက်ပံ့နေသလို ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေကိုလည်း ထောက်ပံ့ပေးသင့်ပါတယ်”ဟု ကိုနေရှိုင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘုန်းကြီးကျောင်းပေါင်း ၇၀၀၀ကျော်နှင့် သံဃာတော်အပါး ၆သောင်းကျော်ရှိနေပြီး သီလရှင်ကျောင်းပေါင်း တစ်ထောင်ကျော်နှင့် သီလရှင်အပါး နှစ်သောင်းကျော်ရှိနေသည်။

   

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly