ကလေးငယ်များ၌ ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သည့် အန္တရာယ်ရှိသော လက္ခဏာစုများ ဖြစ်ပွားသည်ကို တွေ့ရှိ

ကလေးငယ်များ၌ ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သည့် အန္တရာယ်ရှိသော လက္ခဏာစုများ ဖြစ်ပွားသည်ကို တွေ့ရှိ

ဧပြီ ၂၈

ကလေးငယ်များတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့် ဆက်စပ်ဖွယ်ရှိသော ကြုံတောင့်ကြုံခဲဖြစ်သော်လည်း အန္တရာယ်ရှိသည့် ဓာတ်တုံ့ပြန်မှု လက္ခဏာစုများကို တွေ့ရကြောင်း ဗြိတိန်နိုင်ငံ အမျိုးသားကျန်းမာရေးဝန်ဆောင်မှု NHS မှ ဆရာဝန်များက သတိပေးသည်။

လန်ဒန်နှင့် ဗြိတိန်၏ အခြားသော နယ်မြေများရှိ ကြပ်မတ်ကုသဆောင်များတွင် ပုံမှန်မဟုတ်သော ရောဂါလက္ခဏာစုများ ပြကာ ပြင်းပြင်းထန်ထန် နာဖျားမကျန်းဖြစ်နေသည့် ကလေးငယ်များကို ကုသပေးနေရသည်ဟု ဆေးပညာရှင်အသိုင်းအဝိုင်းသို့ ပေးပို့သည့် အရေးပေါ်သတိပေးချက်တစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ ကလေးငယ်များတွင် ပြသသော ရောဂါလက္ခဏာစုများတွင် တုပ်ကွေးကဲ့သို့ လက္ခဏာနှင့်အတူ တစ်ကိုယ်လုံး ရောင်ရမ်းခြင်း multi-system inflammation များပါ အပါအဝင် ဖြစ်ပွားခြင်း ဖြစ်သည်။

ယင်းသို့သော ရှားပါးသော်လည်း အန္တရာယ်ရှိသည့် ဓာတ်တုံ့ပြန်မှု လက္ခဏာစုများ ပြသသည့် ကလေးငယ်များတွင် တစ်ချို့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် ကလေးငယ်များ ဖြစ်ကြသည်။

တွေ့ရှိရသည့် ရှားပါးဓာတ်တုံ့ပြန်မှုများ ဖြစ်ပွားသော ကလေးငယ်ဦးရေမှာ နည်းပါးလိမ့်မည်ဖြစ်သော်လည်း ကလေး မည်မျှ ဖြစ်ပွားနေသည်ကို သေချာစွာ မသိရသေးပေ။

ကလေးများတွင် မကြုံဖူးသော ပြင်းထန်သည့် နာမကျန်းဖြစ်မှုများကို စတင်သတိထားမိလာခဲ့သည်ဟု NHS England မှ ဆေးဝါးဆိုင်ရာ ညွှန်ကြားရေးမှူး စတီဗင်ပိုဝစ်က ပြောသည်။ “ပြီးခဲ့တဲ့ ရက်အနည်းငယ်မှာ ဒီဖြစ်ရပ်ကို ကျွန်တော်တို့ သတိထားမိ သိရှိလာရတာပါ။ အခု ကိစ္စကို အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် ဆန်းစစ်ဖို့ ကျွန်တော်တို့ရဲ့ ပညာရှင်တွေကို ကျွန်တော်တို့ တိုက်တွန်းထားပါတယ်။”ဟု ၎င်းက ပြောသည်။

ဗြိတိန်အပြင် အခြားဒေသများတွင်ပါ ဖြစ်ပွားနေနိုင်သော ကလေးငယ်များတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သည့် ရောင်ရမ်းခြင်း လက္ခဏာများသည် ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် ဖြစ်နိုင်သည်ဆိုသော စိုးရိမ်ပူပန်များ မြင့်တက်လျက်ရှိကြောင်း NHS England က ထုတ်ပြန်သော သတိပေးချက်၌ ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required