စစ်၏ သွေးပျက်တုန်လှုပ်ဖွယ်များကြောင့် ဆီးရီးယားကလေးငယ်များမှာ စိတ်ဒဏ်သင့်ကျန်ရစ်ခဲ့ဟုဆို

စစ်၏ သွေးပျက်တုန်လှုပ်ဖွယ်များကြောင့် ဆီးရီးယားကလေးငယ်များမှာ စိတ်ဒဏ်သင့်ကျန်ရစ်ခဲ့ဟုဆို

လန်ဒန်၊ နိုဝင်ဘာ-၄ ။              ။ ရက်စက်ကြမ်းကြုတ်လှသည့် ဆီးရီးယားစစ်ပွဲမှ ထွက်ပြေးလာခဲ့ကြသည့် မိသားစုတစ်စုက သူတို့ ထွက်ပြေးမလွတ်မြောက်လာမီ မျက်ဝါးထင်ထင် ကြုံခဲ့ရသည့် အသေအဆုံး အပျက်အစီးများကြောင့် သူတို့၏ ရင်သွေးကလေးငယ်များတွင် စိတ်ဒဏ်သင့်လျက်ကျန်ခဲ့ကြသည်ဟု Sky News သို့ ပြောပြသည်။

ဆီးရီးယားတွင် ကျန်ရစ်ခဲ့သည့် ဆွေမျိုးများကို လက်တုန့်ပြန်မည်စိုးသောကြောင့် အမည်မဖော်လိုကြသည့် မိဘများက သူတို့၏ ကလေးငယ်များမှာ သွေးအလိမ်းလိမ်း ဒဏ်ရာနှင့် ရုပ်အလောင်းများ မြင်ခဲ့ကြရသောကြောင့် ညည အိပ်မပျော်နိုင်ဖြစ်ခဲ့ကြသည်ဟု ပြောကြားကြသည်။

လူပေါင်း ၂၅၀၀၀၀ကျော် သေဆုံးခဲ့ရပြီဖြစ်သည့် လေးနှစ်တာ ပြည်တွင်းစစ်၏ သွေးပျက်ခြောက်ခြားဖွယ်ရာများမှ လူထောင်ပေါင်းများစွာ ထွက်ပြေးလာနေလျှက်ရှိရာ စစ်ဒဏ်ခံနိုင်ငံမှ ကလေးသူငယ်များ ကူကေတွင် ပုံမှန်ဘဝဖြင့် အခြေကျရန် ယခုထက်ပိုမို လုပ်ဆောင်ရန် လိုအပ်သည်ဟု စိတ်ပညာရှင်များက သတိပေးကြသည်။

အေဂျင်စီများမှာ ဒုက္ခသည်များ၏ ရုပ်ပိုင်းလိုအပ်ချက်များကိုသာ အာရုံစိုက်နေကြသော်လည်း စိတ်ဖြေသိမ့်မှုကိုမူ လျစ်လျူရှုထားကြသည်ဟု သုတေသီများက ပြောကြားကြသည်။

စိတ်ပညာရှင်များက ကုလ၊ သက်သာချောင်ချိရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စိတ်ဒဏ်သင့်နေသည့် ကလေးငယ်များ၏ မိဘများကို အထူးသဖြင့် ရည်ရွယ်သည့် အစီအစဉ်တစ်ခုကို ထူထောင်နိုင်ရန် ကြိုးစားနေကြသည်။

အုပ်ထိန်းခြင်းမှာ ရံခါတွင် လူငယ်လေးများအား စိတ်ဒဏ်သင့်မှုအလွန် သောကများကို ကျော်လွှားနိုင်စေရာတွင် အဓိကကျသည်ဟု မန်ချက်စတာတက္ကသိုလ် စိတ်ပညာသိပ္ပံကျောင်းအုပ်ကြီး ပါမ္ခော ရာချယ် ခလမ်က ပြောကြားခဲ့သည်။ ‘သူတို့ဟာ ဒီကိုရောက်လာပြီးနောက်မှတောင်မှပဲ ခံစားနေကြရတုန်းပဲ’’ဟု သူမက ပြောကြားသည်။

‘အလွန်ဆိုးရွားတဲ့ အတွေ့အကြုံတွေကို ဖြတ်သန်းလာခဲ့ကြရတော့ သူတို့ဘဝအတွက် သူတို့ ကြောက်ခဲ့ကြမှာပဲ’’ဟုလည်း သူမက ထပ်လောင်းပြောကြားသည်။  

ဆီးရီးယားဒုက္ခသည်ကလေးငယ်များမှာ လန်ဒန်သို့ရောက်စတွင် ရဲအရာရှိလို ယူနီဖောင်းဝတ်ထားသူများကို မြင်လျှင်ပင် ဆီးရီးယားတွင် ယူနီဖောင်း-ဝတ်ဟူသည်မှာ ခြားနားသော အဓိပ္ပာယ်ကို ဆောင်သောကြောင့် တုန်လှုပ်ခြောက်ခြားနေကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly