WHO နှင့် ပတ်သက်သည့် မေးခွန်းများ

WHO နှင့် ပတ်သက်သည့် မေးခွန်းများ

ဧပြီ ၂၇

COVID-19 အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တုံ့ပြန်မှုနှင့်ပက်သက်ပြီး လက်ရှိဖြစ်ပွားနေသော အငြင်းပွားမှုများကို အကြောင်းပြု၍ ကျွန်ုပ်တို့သည် WHO အဖွဲ့၏ မှတ်တမ်းကို ဓမ္မဓိဋ္ဌာန်ကျကျအကဲဖြတ်နိုင်ရန်အတွက် ဖြေကြားရန် လိုအပ်သော အရေးကြီးဆုံးမေးခွန်းများကို သီးခြားခွဲထုတ်ထားသည်။ တရုတ်နှင့်အခြားမြင်သာသော အရင်းအမြစ်များကို သုတေသနပြုပြီးနောက် အဆိုပါမေးခွန်းများကို ရေးသားပြုစုခဲ့ခြင်းဖြစ်သည်။

(၁) WHO သည် COVID-19 နှင့်ပတ်သက်သောသတင်းအချက်အလက်များကို မည်သည့်အချိန်တွင်ရရှိခဲ့သနည်း။

ပေကျင်းလိုလားသော South China Morning Post ၏ ဖော်ပြချက်အရ COVID-19 သည် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်၌ ပထမဆုံးဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့သည်။ သို့သော် WHO ၏ တရားဝင်ဝက်ဘ်ဆိုက်အရ တရုတ်နိုင်ငံမှ ဗိုင်းရပ်စ်ကူးစက်မှုနှင့်ပတ်သက်သည့် အစီရင်ခံစာကို ဒီဇင်ဘာ ၃၁ ရက်တွင် ပထမဦးဆုံးရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထိုရက်မတိုင်မီက WHO သည် ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ အခြားအချက်အလက်များကိုလက်ခံရရှိခဲ့ခြင်း သို့မဟုတ် ရှာဖွေခဲ့ခြင်း ပြုလုပ်ခဲ့ပါသလား။ ထိုသို့ဆိုလျှင် အဖွဲ့အစည်း၏ တုံ့ပြန်မှုမှာ အဘယ်နည်း။ တရုတ်အာဏာပိုင်များသည် ၎င်းတို့၏ပထမဆုံးအစီရင်ခံစာတွင် WHO ကို မည်သည့်အကြောင်းအရာများ အစီရင်ခံခဲ့ပါသနည်း။ အစီရင်ခံစာကို အများပြည်သူ ကြည့်ရှုနိုင်ပါသလား။ အကယ်၍ ကြည့်ရှုခွင့်မရပါက အဘယ့်ကြောင့်နည်း။

(၂) COVID-19 ဆိုင်ရာ သုတေသနနှင့်သတင်းအချက်အလက်များကို တရုတ်က ဖိနှိပ်နေခြင်းကို WHO က သတိပြုမိခဲ့ပါသလား။

တရုတ်တို့ အစီရင်ခံစာတင်ပြီးနောက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက် တွင် ဟူဘေးပြည်နယ် ကျန်းမာရေး အာဏာပိုင်များသည် ဗိုင်းရပ်စ်ပိုးကိုပထမဆုံးအကြိမ် အတည်ပြုခဲ့သည့်အဖွဲ့အား စမ်းသပ်မှုများ လုပ်ဆောင်ခြင်းကို ရပ်တန့်ရန် ၊  နမူနာများအားလုံးကိုဖျက်ဆီးရန်နှင့် သတင်းအချက်အလက်များကိုလျှို့ဝှက်ထားရန် အမိန့်ပေးခဲ့သည်။ နောက်နှစ်ရက်အကြာ သတင်းမီဒီယာများ ၏ဖော်ပြချက်အရ ဗဟိုကျန်းမာရေးအာဏာပိုင် များသည် နိုင်ငံတစ်ဝှမ်းရှိ စမ်းသပ်စစ်ဆေးရေးဌာနများအား အလားတူတရားဝင်အမိန့် ထုတ်ပြန်ခဲ့သည်။ အကယ်၍ WHO အနေဖြင့် ဤအရာများကို သတိပြုမိခဲ့သည်ဆိုပါက တရုတ်တို့၏ဖုံးကွယ်မှုကို မည်သို့တုံ့ပြန်ခဲ့သနည်း။

(၃) COVID-19 သည် လူမှလူသို့ကူးစက်ကြောင်း ထိုင်ဝမ်မှ အသိပေးချက်ရရှိချိန်တွင် WHO က ဘာလုပ်ခဲ့သနည်း။

ဗိုင်းရပ်စ်သစ်သည် လူမှလူသို့ကူးစက်ကြောင်း ထိုင်ဝမ်က ဒီဇင်ဘာ ၃၁ ရက်တွင် WHO အား သတိပေးခဲ့သည်ကို အများသိပြီးဖြစ်သည်။  ထိုင်ဝမ်မှ သတိပေးချက် ရရှိသည့်အခါ WHO အနေဖြင့် မည်သို့တုံ့ပြန်ခဲ့သည်ကိုမူ လူသိနည်းသည်။ WHO က ထိုအကြောင်းအရာကို တခြားနိုင်ငံများဆီ လက်ဆင့်ကမ်းအကြောင်းကြားခဲ့ပါသ လား။

(၄) ရောဂါသည် လူအချင်းချင်းကူးစက်ကြောင်း WHO က ငြင်းဆိုနေစဉ်မှာပဲ တရုတ်ဆရာဝန်များ COVID-19 ကူးစက်ခံနေကြရသည်ကို WHO က သတိထားမိခဲ့ပါသလား။

COVID-19 သည် လူမှလူသို့ကူးစက်နိုင်သည်ဆိုသည့်အချက်ကို WHO သည် ဇန်နဝါရီ ၂၀ ရက်အထိ တရုတ်အစိုးရ နည်းတူ တရားဝင်ငြင်းဆိုခဲ့သည်။ သို့သော် ဇန်နဝါရီလ ၁ ရက်မှ ၁၁ ရက်အတွင်း အနည်းဆုံး ဆရာဝန်ခုနစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည်။ ထိုအတောအတွင်း တရုတ်နိုင်ငံ၌ ရောဂါကူးစက်ခံထားရသောဆရာဝန်များကို WHO က သတိပြုမိခဲ့ပါသလား။ သို့မဟုတ် တရုတ်အာဏာပိုင်များက  ထိုကိစ္စကို WHO အား အသိမပေးခဲ့ခြင်းလား။

(၅) ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၃ တွင် ထိုင်းနိုင်ငံ၌ COVID-19 ဖြစ်ပွားမှုအတည်ပြုပြီးနောက် ဗိုင်းရပ်စ်သည် လူအချင်းချင်းကူးစက်ကြောင်းကို WHO က  အဘယ်ကြောင့် ဆက်လက်ငြင်းပယ်နေခဲ့သနည်း။

ဇန်နဝါရီ ၁၃ ရက်၌ ထိုင်းနိုင်ငံတွင် COVID-19 ကူးစက်ခံရမှုကို အာဏာပိုင်များက အတည်ပြုလိုက်ပြီး တရုတ် နိုင်ငံပြင်ပ၌ ပထမဆုံးကူးစက်မှုအဖြစ် WHO က မှတ်တမ်းတင်ခဲ့သည်။ ဇန်နဝါရီလ ၁၄ ရက်က ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ရောဂါသည် လူမှလူသို့ကူးစက်သည့် သက်သေမရှိကြောင်းနှင့် တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင် ရောဂါကူးစက်ခံထားရသောဆရာဝန်များ မရှိဟု WHO က အဘယ်ကြောင့် ဆက်လက် ပြောကြားခဲ့သနည်း။

(၆) WHO သည် COVID-19 လူနာများ ကုသနေသော ဝူဟန်ဆေးရုံများသို့ အဘယ်ကြောင့် မသွားရောက်ခဲ့သနည်း။

ဝူဟန်မြို့အား Lockdown မကြေညာမီတစ်ရက်အလို ဇန်နဝါရီ ၂၀ နှင့် ၂၁ ရက်တွင် တရုတ်နှင့် အနောက်ပစိဖိတ်ဒေသရုံးများမှ WHO ကျွမ်းကျင်ပညာရှင်များသည် ဝူဟန်သို့ ကွင်းဆင်းလေ့လာခဲ့ကြသည်။ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ CDC ရှိ BSL3 ဓာတ်ခွဲခန်းအပါအဝင် ဝူဟန် Tianhe လေဆိပ်၊ Zhongnan ဆေးရုံ၊ ဟူဘေးပြည်နယ်ရောဂါထိန်းချုပ်ရေးဌာန (CDC) များသို့ သွားရောက်ခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့သည် COVID-19 လူနာများကို အဓိကကုသပေးနေသော ဝူဟန်ဗဟိုဆေးရုံ၊ Jinyintan ဆေးရုံ၊ သို့မဟုတ် ဝူဟန်အဆုတ်ရောဂါဆိုင်ရာ ဆေးရုံ စသည့်နေရာများကို အဘယ့်ကြောင့် မသွားခဲ့သနည်း။  WHO က ရော ထိုနေရာများသို့သွားရန် တောင်းဆိုခဲ့ပါသလား။

(၇) WHO သည် COVID-19 ပြန့်ပွားမှုနှင့်ပတ်သက်၍ Zhongnan ဆေးရုံအကြီးအကဲ Dr. Wang Xinghuan ထံမှ အသိပေးချက် ရရှိခဲ့ပါသလား။

WHO အဖွဲ့မလာမီတစ်ရက်အလို ဇန်နဝါရီ ၁၉ တွင် ဝူဟန်ပြည်သူ့အာဏာပိုင်များသည် Zhongnan ဆေးရုံကို စစ်ဆေးရန်ရောက်လာခဲ့ကြပြီး ဆေးရုံအုပ်ချုပ်ရေးမှူးများနှင့်ပညာရှင်များအား WHO ကို ရှင်းပြမည့် အကြောင်းအရာနှင့်စပ်လျဉ်း၍ နိုင်ငံရေးဂယက်ရိုက်နိုင်သော တင်ပြချက်များကို သတိထားရန် ညွှန်ကြားခဲ့သည်။ ဆေးရုံအကြီးအကဲ Dr. Wang Xinghuan က “ကျွန်တော်ကတော့ အမှန်တရားပြောပြရမှာပဲ။ SARS ရောဂါကနေ ကျွန်တော်တို့ သင်ခန်းစာရခဲ့ကြတယ်မဟုတ်လား။ အသက်ပေါင်းများစွာကိုကယ်တင်တာ အကြီးမားဆုံးသော နိုင်ငံရေးလုပ်ရပ်ပါ” ဟု ပြောခဲ့သည်။ Wang သည် သိသမျှ ထုတ်ဖော်မည်စိုးသဖြင့် ထိုညက မြို့အာဏာပိုင်များသည် တာဝန်ရှိသူတစ်ဦးကို Wang ထံ စေလွှတ်ခဲ့သည်။ ပြည်သူများနဲ့အတူရပ်တည်ရန် နိုင်ငံရေး ရိုးသားဖြောင့်မတ်မှုလိုအပ်ကြောင်းနှင့် သို့မှသာ ပါတီတစ်ခုလုံးအတွက် ပုံရိပ်လည်းကောင်းမည်ဖြစ် ကြောင်း  Wang ကပြောခဲ့သည်။ ဇန်နဝါရီ ၂၀ ရက်က Dr.Wang က ကိုယ်စားလှယ်အဖွဲ့အား တင်ပြခဲ့သည်ကို WHO က ထုတ်ဖော်ပြောခဲ့ပါသလား။

(၈) ဇန်နဝါရီ ၂၀ ရက်သတ္တပတ်အတွင်း ဝူဟန်မြို့ မှ လူအများအပြား ဘေးကင်းရာ ထွက်ပြေးတိမ်းရှောင်မှု များရှိခဲ့သည်ကို ထောက်ဆကြည့်ပါက WHO အနေဖြင့် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ (PHEIC) ကြေညာရန် အဘယ်ကြောင့် ဇန်နဝါရီ ၃၀ ရက်အထိ စောင့်ဆိုင်းခဲ့သနည်း။

သိပ္ပံပညာရှင်များ၏အဆိုအရ တရုတ်ပြည်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေသည် တရားဝင်ကိန်းဂဏန်းများ ထက် များစွာပိုကြောင်း ဘီဘီစီကျန်းမာရေးသတင်းထောက် ဂျိမ်းစ်ဂလက်ဂါး၏ ဇန်နဝါရီ ၁၈ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဝူဟန်မြို့တော်ဝန် Zhou Xianwang က ဇန်နဝါရီ ၂၆ ရက်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဝူဟန်ဒေသခံ ၅ သန်းကျော်သည် ထိုရက်သတ္တပတ်ကပင် ထွက်ခွာသွားကြောင်းအတည်ပြုခဲ့သည်။ ထိုသို့ လူများအစုလိုက်အပြုံလိုက်ရှောင်တိမ်းသွားခြင်းကို WHO က သတိထားမိခဲ့ပါသလား။ ဇန်နဝါရီလ ၂၂ - ၂၃ တွင်ပြုလုပ်သည့် WHO အစည်းအဝေး၌ (PHEIC ) ကို အဘယ့်ကြောင့် မကြေညာခဲ့သနည်း။

(၉) ဇန်နဝါရီ ၂၈ ရက်တွင် WHO ညွှန်ကြားရေးမှူးချုပ်သည် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖျင်နှင့် အခြားထိပ်တန်းတရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံသောအခါ ဘာများလုပ်ဆောင်ခဲ့ပါသနည်း။

 ဇန်နဝါရီလ 28 ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အက်ဒ်ဟာနွမ်ဂေဘရေရယ်ဆွတ် ဦးဆောင်သော WHO အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ခေါင်းဆောင်များနှင့်တွေ့ဆုံရန်၊ တရုတ်၏တုံ့ပြန်မှုအကြောင်း ပိုမိုလေ့လာရန်နှင့် နည်းပညာအကူအညီများပေးရန် ဘေကျင်းသို့သွားခဲ့သည်။

တက်ဒရော့စ်သည် သမ္မတရှီကျင့်ဖျင်၊  နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ တို့နှင့်တွေ့ဆုံခဲ့သော်လည်း  အစိုးရ၏ တုံ့ပြန်ရေးဆိုင်ရာခေါင်းဆောင် ဝန်ကြီးချုပ် လီခဲ့ချန် နှင့်တွေ့ဆုံခြင်းမရှိပေ။  တက်ဒရော့စ် က ဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် တောင်းဆိုခဲ့ပါသလား။  တရုတ်ခရီးစဉ်သည် နိုင်ငံရေးအရသွားခြင်းလား၊ လုပ်ငန်း သဘောသဘာဝအရသွားခြင်းလား၊  ဘာများသိခွင့်ရခဲ့ပါလဲ။

(၁၀) COVID-19 ရောဂါကူးစက်မှုကိုထိန်းချုပ်ရန် ပျက်ကွက်ခြင်း၊ သတင်းအချက်အလက်ကို ဖုံးကွယ်ခြင်းနှင့် အစီရင်ခံရန်နှောင့်နှေးခြင်းဖြစ်ပါလျက်နှင့်  WHO ညွှန်ကြားရေးမှူးချုပ်သည် တရုတ်၏တုံ့ပြန်မှုနှင့် နည်းစနစ်ကို အဘယ့်ကြောင့်ချီးမွမ်းခဲ့သနည်း။

ဇန်နဝါရီ ၃၀ ရက် PHEIC ကြေညာသော WHO ၏ သတင်းစာရှင်းလင်းပွဲ၌ တက်ဒရော့စ်က တရုတ်တို့၏ ဗိုင်းရပ်စ်တားဆီးရေးထိန်းချုပ်ကန့်သတ်ချက်များကြောင့် ပြည်သူများနှင့်စီးပွားရေးအပေါ် သက်ရောက်မှုများ ရှိသော်လည်း အစိုးရ၏လုပ်ရပ်များသည် ဂုဏ်ပြုထိုက်သည်ဟု ပြောခဲ့သည်။

ထို့ပြင် တရုတ်တို့သည် ရောဂါဖြစ်ပွားမှုကို တွေ့ရှိပြီး ဗိုင်းရပ်စ်ကိုသီးခြားခွဲထုတ်ခြင်း၊ မျိုးရိုးဗီဇကိုစစ်ဆေးခြင်းနှင့် အချက်အလက်များကို WHO နှင့်ကမ္ဘာသို့ အသိပေးခြင်းသည် အလွန်ပင် အထင်ကြီးစရာကောင်းကြောင်း၊  ပွင့်လင်းမြင်သာမှုရှိပြီး အခြားနိုင်ငံများအတွက်လည်း အထောက်အပံ့ဖြစ်ကြောင်း ၊ တရုတ်သည် နည်းလမ်းများစွာဖြင့် ရောဂါတုံ့ပြန်မှုအတွက် စံအသစ်တစ်ခုကိုချမှတ်နေကြောင်းနှင့် ပုံကြီးချဲ့ပြောဆို နေခြင်းမဟုတ်ကြောင်း၊ PHEIC ထုတ်ပြန်ခြင်းသည် တရုတ်ကို အယုံအကြည်မရှိဟု မဆိုလိုကြောင်း၊ WHO သည် ရောဂါထိန်းချုပ်ရန်ကြိုးစားနေသည့် တရုတ်တို့၏စွမ်းဆောင်ရည်ကို ဆက်လက်ယုံကြည်ကြောင်း ပြောခဲ့သည်။

WHO ညွှန်ကြားရေးမှူးချုပ်သည် အထက်ပါအတိုင်းအဘယ့်ကြောင့် အချက်အလက်အမှားများကို ပြောဆိုခဲ့ပါသနည်း။ တရုတ်တို့ ပွင့်လင်းမြင်သာမှုရှိခဲ့သည်ဟု တက်ဒရော့စ်က ယုံကြည်နေဆဲလား၊ တက်ဒရော့စ်သည် တရုတ်ကို အဘယ့်ကြောင့် ချီးမွမ်းပြီး ကာကွယ်ပြောဆိုခဲ့သနည်း။

(၁၁) တက်ဒရော့စ်သည် ဇန်နဝါရီ ၃၀ ရက် ရှင်းလင်းပွဲတွင် တရုတ်တို့၏ ခရီးသွားလာမှုနှင့်ကုန်သွယ်ခြင်းများကို         ကန့်သတ်ရန် အဘယ့်ကြောင့် အကြံမပြုခဲ့သနည်း။

ဇန်နဝါရီ ၂၆ ရက် ရက်သတ္တပတ်တွင် ဝူဟန်ဒေသခံ ၅ သန်းသည် မြို့မှ တိမ်းရှောင်ထွက်ပြေးခဲ့ကြောင်း မြို့တော်ဝန်က ဝန်ခံထားသည်။ တက်ဒရော့စ်သည် အဘယ့်ကြောင့် ခရီးသွားလာမှုများနှင့် ကုန်သွယ်မှုများကို မတားမြစ်ခဲ့သနည်း။  မတားမြစ်ခဲ့သည့်အတွက် အဆိုပါဆုံးဖြတ်ချက်မှားခဲ့ကြောင်း WHO က ယခု ဝန်ခံပါမည် လား။

(၁၂) WHO သည် ဖေဖော်ဝါရီလကုန်အထိ တရုတ်ကုန်သွယ်ရေးနှင့် ခရီးသွားလာခြင်းဆိုင်ရာ ကန့်သတ်ချက်များ ကို အဘယ်ကြောင့် ဆက်လက်ဆန့်ကျင်နေခဲ့သနည်း။

တရုတ်နှင့် WHO အဖွဲ့သည် နှစ်ဘက်သဘောတူထားသည့်အတိုင်း တရုတ်နိုင်ငံတွင် ကပ်ရောဂါဖြစ်ပွားမှု ကာကွယ်ရေးနှင့် ထိန်းချုပ်မှုများကို စုံစမ်းစစ်ဆေးရေး ပူးတွဲမစ်ရှင်ဖွဲ့စည်းရန် တရုတ်နှင့်ပြည်ပမှကျွမ်းကျင်သူ များကို ဖိတ်ခေါ်ခဲ့သည်။ ဖေဖော်ဝါရီ ၁၆ ရက်မှစ၍ ပူးတွဲမစ်ရှင်သည် ဘေကျင်း၊ ဂွမ်ဒေါင်း၊ စီချွမ်နှင့် ဝူဟန်ပြည်နယ်များသို့ သွားရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်တွင် ခရီးစဉ်အဆုံးသတ်ခဲ့သည်။

ပူးတွဲမစ်ရှင်အဖွဲ့၏ခေါင်းဆောင်များဖြစ်ကြသည့် Dr. Bruce Aylward (WHO ၏လက်ထောက်ညွှန်ကြားရေး မှူးချုပ်ဟောင်း/ ညွှန်ကြားရေးမှူးချုပ်၏အကြီးတန်းအကြံပေး ) နှင့် တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင် ၏ COVID-19 တုံ့ပြန်မှုဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့ခေါင်းဆောင် Dr. Liang Wannian တို့သည် Dr. Aylward တရုတ်ပြည်မှ မထွက်ခွာမီ ဘေဂျင်းတွင် သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် Dr. Aylward သည် တရုတ်ခရီးသွားလာခြင်းနှင့်ကုန်သွယ်မှုဆိုင်ရာ ကန့်သတ်ချက်များကို ဆက်လက်ကန့်ကွက်ခဲ့သည်။ ပြန်စဉ်းစားကြည့်မည်ဆိုလျှင် ထိုလုပ်ရပ်များသည် ကျိုးကြောင်းဆီလျော်သည်ဟု WHO အနေဖြင့် ထင်မြင်ပါသလား။

(၁၃) တရုတ် - WHO ပူးတွဲမစ်ရှင်အဖွဲ့သည် ဝူဟန်ရှိ ရောဂါကူးစက်ခံရသောနေရာများကို အဘယ်ကြောင့် မစစ်ဆေးခဲ့သနည်း။

ဖေဖော်ဝါရီလ ၂၄ ရက်သတင်းစာရှင်းလင်းပွဲအပြီးတွင် Washington Post Beijing ၏ ဗျူရိုအကြီးအကဲ Anna Fifield က  Dr. Aylward အား ဝူဟန်၌နေခဲ့ပြီး quarantine (အသွားအလာကန့်သတ်စောင့်ကြည့်ခြင်း) မဝင်ခဲ့သည့်အကြောင်းကိုမေးမြန်းရာ Aylward က သူ့အနေဖြင့် မသန့်ရှင်းသောနေရာများကိုမသွားခဲ့ကြောင်းနှင့် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု လုပ်ဆောင်ပြီးဖြစ်ကြောင်း ဖြေခဲ့သည်။ Dr. Aylward သည် quarantine ၁၄ ရက် မဝင်ဘဲ တရုတ်မှ ချက်ချင်းထွက်လာခဲ့ခြင်းဖြစ်သည်။ Dr. Aylward ပြောသည့် ညစ်ပတ်သောနေရာ ဆိုသည်မှာ ရောဂါကူးစက်နေသောဧရိယာများကို ဆိုလိုကြောင်း သိသာထင်ရှားသည်။

ရောဂါဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးမည့်မစ်ရှင်အဖွဲ့သည် အဘယ့်ကြောင့် ရောဂါကူးစက်ခံရသောနေရာများဆီ မသွားခဲ့ကြသနည်း။ မစ်ရှင်တွင် WHO အနေဖြင့် သွားမည့်နေရာ လေ့လာမည့်ဆေးရုံများနှင့် ဆရာဝန်များ၊ ရောဂါကူးစက်ခံထားရသူများ၊ ကွယ်လွန်သူ၏ဆွေမျိုးများ သို့မဟုတ် လမ်းသွားလမ်းလာစသည့်  တွေ့ဆုံမည့်သူများကို လွတ်လွတ်လပ်လပ်ရွေးချယ်နိုင်ပါသလား။ သို့မဟုတ်  တရုတ်အာဏာပိုင်များက မစ်ရှင်ခရီးစဉ်ကို ရေးဆွဲထားပါသလား။

(၁၄) WHO မှ Dr.Aylward သည် အများအမြင် အောင်မြင်သည်ဟုယူဆရသော တရုတ်၏ COVID-19 ထိန်းချုပ်ပုံကို အဘယ့်ကြောင့် အလွန်အကျူးချီးမွမ်းခဲ့သနည်း။

ရောဂါကူးစက်သောနေရာများကို ကိုယ်တိုင်ကိုယ်ကျသွားရောက်မစစ်ဆေးခဲ့သော်လည်း မစ်ရှင်အပြီး သတင်းစာရှင်းလင်းပွဲတွင် Dr.Aylward က တရုတ်အစိုးရ၏  ဗိုင်းရပ်စ်ထိန်းချုပ်ပုံအောင်မြင်မှုကို ချီးမွမ်းခဲ့သည်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုအရှိန်ရစေသည့်ဖြစ်ရပ်တွင် ဖုံးကွယ်ခြင်းနှင့်ဆင်ဆာဖြတ်တောက်ခြင်းက မည်သည့်အတိုင်းအတာ အထိ အရေးပါသနည်းဟု ဘီဘီစီသတင်းထောက်၏မေးမြန်းချက်အပေါ် Dr.Aylward က ၎င်းအနေဖြင့် မသိပါဟု ဖြေကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲ၏ရည်ရွယ်ချက်မှာ ကမ္ဘာလုံးဆိုင်ရာတုံ့ပြန်မှုအတွက် အကြံပြုချက်များပေးရန်ဖြစ်သည်။ ထိုသို့ဆိုလျှင် တာဝန်ရှိသောကျွမ်းကျင်ပညာရှင်တစ်ယောက်အနေဖြင့် တရုတ် သို့မဟုတ် နိုင်ငံတစ်နိုင်ငံက အမှားပြုလုပ်ခဲ့သလားဆိုသည်ကို အဘယ့်ကြောင့် မစဉ်းစားခဲ့သနည်း။ Dr. Aylward သည် ဘာကြောင့် မေးခွန်းကို ရှောင်ခဲ့သနည်း။ ဤနည်းလမ်းသည်သင့်လျော်သည်ဟု WHO အနေဖြင့် ထင်မြင်ပါသလား။

(၁၅) WHO သည် COVID-19 ကို ကမ္ဘာလုံးဆိုင်ရာကူးစက်မြန်ကပ်ရောဂါအဖြစ်ကြေညာရန် အဘယ့်ကြောင့် မတ်လ ၁၁ ရက်အထိ စောင့်ဆိုင်းခဲ့သနည်း။  Dr. Aylward သည် အဘယ်ကြောင့် COVID-19 ၏ အန္တရာယ်နှင့် အတိုင်းအတာ သေးသိမ်အောင် ဆက်လုပ်နေခဲ့သနည်း။

သတင်းစာရှင်းလင်းပွဲတွင် Dr. Aylward က ဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရန် နေ့တိုင်း ချီတုံချတုံဖြစ်နေလျှင် ဗိုင်းရပ်စ်ပိုးက အခွင့်ကောင်းယူကာ ကူးစက်မှုနှစ်ဆဖြစ်သွားလိမ့်မည်ဖြစ်ကြောင်း၊ အလျင်အမြန် လှုပ်ရှားရန်လိုကြောင်း ပြောခဲ့သည်။ ဤသို့ပြောဆိုပုံကို ကြည့်ခြင်းအားဖြင့် Dr. Aylward သည် ဗိုင်းရပ်စ်ကူးစက်မှုအမြန်နှုန်းက အသက်တမျှ အရေးကြီးကြောင်း နားလည်ပုံရသည်။ နိုင်ငံအများအပြားတွင် ကိုရိုဗိုင်းရပ်စ် ကူးစက်ခံရမှုများပြားလာပြီး သေဆုံးမှုများမြင့်တက်လာသည့်တိုင် မတ်လ ၄ ရက်၌ New York Times သတင်းထောက် Donald McNeil နှင့်အင်တာဗျူးတွင် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် ကြေညာရန်မရှိကြောင်း Dr.Aylward က ဖြေခဲ့သည်။

 COVID-19 ကို ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ နှင့် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ အဖြစ် ဆောလျင်စွာ ကြေညာနိုင်ခဲ့ပါက လူ့အသက်ပေါင်းမည်မျှ ကယ်တင်နိုင်ကြောင်း ခန့်မှန်းရန် WHO အနေဖြင့် စီမံဆောင်ရွက်ပြီးပါပြီလား။

(၁၆) နောက်ဆုံး WHO အနေဖြင့် COVID-19 ၏ ရင်းမြစ်ကို စုံစမ်းစစ်ဆေးမည့် ယုံကြည်စိတ်ချရသော လွတ်လပ်သောသိပ္ပံနည်းကျအသင်းတစ်ခုဖွဲ့စည်းရန် ရောဂါဒဏ်ခံရသည့်နိုင်ငံအားလုံးကို ပူးပေါင်းညှိနှိုင်းရန် တာဝန်ရှိသည်ဟု ထင်မြင်မိပါသလား။

ကိုရိုနာဗိုင်းရပ်စ်၏ မူလအစနှင့်ပတ်သက်၍ နိုင်ငံများအကြား ငြင်းခုံဆွေးနွေးနေကြဆဲဖြစ်သည်။  ဤသည်မှာ အခြေခံအကျဆုံးနှင့် ကမ္ဘာ့နိုင်ငံအားလုံးနှင့်သက်ဆိုင်သော မေးခွန်းဖြစ်သည်။ နောက်ဆုံးအနေဖြင့် သိပ္ပံနည်း ကျပြီး အဖွဲ့အစည်း၏ လုပ်ပိုင်ခွင့်နှင့်ကိုက်ညီသော မေးခွန်းမေးချင်ပါသည်။ WHO အနေဖြင့် မျှော်လင့်ထားသည့်အတိုင်း ကယ်တင်ပေးနိုင်ပါသလား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required