ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရှာဖွေရာတွင် အောင်မြင်မှု မရမည်ကို သိပ္ပံပညာရှင်များ စိုးရိမ်နေ

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရှာဖွေရာတွင် အောင်မြင်မှု မရမည်ကို သိပ္ပံပညာရှင်များ စိုးရိမ်နေ

ဧပြီ ၂၆

လက်တွေ့ထိရောက်သည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုးကို အောင်မြင်အောင် ထုတ်လုပ်နိုင်ခြင်း မရှိမှာကို သိပ္ပံပညာရှင်တချို့က စိုးရိမ်ပူပန်လျက် ရှိကြောင်း သိရသည်။

ယင်းအတိုင်းသာဆိုလျင် ကမ္ဘာကြီးပေါ်ရှိ လူသားအားလုံးအနေဖြင့် COVID-19 ၏ အမြဲတစေ ခြိမ်းခြောက်မှုနှင့် နေသားတကျ ရှိစေရန် သင်ယူကောင်း သင်ယူသွားရနိုင်သည်ဟုလည်း ၎င်းတို့က ယုံကြည်နေသည်ဟု သိရသည်။

ဗိုင်းရပ်စ်ကို ခုခံနိုင်သည့် ခံနိုင်ရည်အားတစ်ခု နှိုးဆွတက်ကြွလာစေရန်မှာ ဖြစ်နိုင်ခြေ မရှိလောက်ဘူး ဆိုသည့် စိုးရိမ်ဖွယ်ရာ သက်သေအထောက်အထားတစ်ရပ် ရှိနေကြောင်း ယူကေ၏ ဆေးပညာဆိုင်ရာ အရာရှိချုပ် Christopher Whitty က ဧပြီ ၂၄ ရက် ပါလီမန်ကော်မတီတစ်ခုကို ပြောသွားခဲ့သည်။

“ကျွန်တော်တို့ အဖြေမသိသေးတဲ့ ပထမမေးခွန်းတစ်ခုက ‘ခင်ဗျားဟာ ဒီ ကိုဗစ်-၁၉ ရောဂါကို ရှည်လျားတဲ့ အချိန်ကာလတစ်ခုကြာ ခံစားထားရမယ်ဆိုရင် ဒီ ရောဂါကို ခုခံနိုင်မယ့် သဘာ၀ ခံနိုင်စွမ်းအားတစ်ခု ခင်ဗျား ရမှာလား’ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်” ဟု Whitty က ပြောသည်။

“ ခုချိန်မှာ ကျွန်တော်တို့ ဒါကို မရဘူးဆိုရင် ဒါက ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ဖို့ လုံး၀ မဖြစ်နိုင်ဘူးလို့တော့ မရှိပါဘူး၊ ဒါပေမယ့် ဒါက အတော်လေး ဖြစ်နိုင်ခြေ နည်းသွားစေသလိုတော့ ဖြစ်စေပါလိမ့်မယ်၊ ကျွန်တော်တို့လည်း ခုထက်ထိ ဒါနဲ့ပတ်သက်လို့ မသိသေးပါဘူး”ဟု ၎င်းက ပြောသည်။

လူတချို့ ဗိုင်းရပ်စ်တစ်ကြိမ် ကူးစက်ခံထားရပြီးနောက် နောက်ထပ်တစ်ကြိမ် ပြန်လည် ကူးစက်ခံရနိုင်သေးသည်ကို ပြသနေသည့် သက်သေအထောက်အထားတချို့လည်း ရှိနေကြောင်း ၎င်းက ပြောသွားသည်။ “ဒါကတော့ အနည်းငယ် စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေတစ်ခုပါ” ဟု ၎င်းက ဖြည့်စွက် ပြောသွားသည်။

အမေရိကန် သို့မဟုတ် ယူကေတွင် ကိုရိုနာဗိုင်းရပ်စ်၏ အခြားသော ပိုးမျိုးကွဲများအတွက် အသုံးပြုရန်အတွက် အတည်ပြုပေးထားပြီးဖြစ်သည့် ကာကွယ်ဆေး ရှိမနေသည့် အချက်အပေါ်တွင် မူတည်၍လည်း အလားအလာရှိသည့် ကာကွယ်ဆေးတစ်မျိုး၏ ဖြစ်နိုင်ခြေအပေါ် သံသယများ ရှိနေကြောင်း သိရသည်။

အခြားသော ကိုရိုနာဗိုင်းရပ်စ် ပိုးမျိုးကွဲများကနေ ရရှိသည့် သက်သေအထောက်အထားများအရ ဗိုင်းရပ်စ်အပေါ် ခံနိုင်ရည်အားသည် အတော်အတန် လျင်မြန်စွာ ဆုတ်ယုတ်ကျဆင်းသွားသည်ကို တွေ့ရှိရကြောင်း Whitty က  ကော်မတီကို ပြောသည်။

“ဒီ ရောဂါအတွက် ကာကွယ်ဆေးတစ်ခု ရတော့မယ်ဆိုပြီး ကျွန်တော်တို့ ယူဆထားလို့ မရနိုင်သေးတဲ့အတွက် ကမ္ဘာကြီးအနေနဲ့ ဂရုတစိုက် သတိနဲ့ နေဖို့ လိုပါတယ်” ဟု ၎င်းက ပြောသွားသည်။

“အောင်မြင်မှုရမယ်လို့ ကျွန်တော်တို့ အာမမခံနိုင်ပါဘူး” ဟု ၎င်းက ပြောသွားသည်။

တချိန်တည်းမှာပင် Imperial College မှ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ပါမောက္ခ David Nabarro ကလည်း The Observer နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားသွားရာတွင် ကာကွယ်ဆေးတစ်မျိုး ရရန် ဖြစ်ချင်မှ ဖြစ်နိုင်တော့မည်ဆိုသည်ကို ကမ္ဘာကြီးအနေဖြင့် နားလည်သဘောပေါက်ထားရတော့မည်ဖြစ်ကြောင်း ပြောသွားခဲ့သည်။

“သေချာတာကတော့ ခင်ဗျားအနေနဲ့ ဗိုင်းရပ်စ်တိုင်းအတွက် ဘေးကင်းလုံခြုံပြီး  ထိရောက်မှု ရှိတဲ့ ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်နိုင်မှာမဟုတ်ပါဘူး” ဟု ၎င်းက ပြောသွားခဲ့သည်။

ယင်းအတွက်ကြောင့် COVID-19 ၏ အမြဲတစေ ခြိမ်းခြောက်မှုနှင့် လိုက်လျောညီထွေ ရှိစွာ နေထိုင်နိုင်ရန် ကမ္ဘာကြီးအနေဖြင့် သင်ယူကောင်း သင်ယူသွားရနိုင်ကြောင်း ပါမောက္ခ David Nabarro က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly