COVID-19 ကပ်ဘေးအတွင်း စင်ကာပူက အချမ်းသာဆုံးသူဌေး တစ်လလျှင် ကန်ဒေါ်လာ ၁ ဘီလီယံကျော် ပိုပြီး ကြွယ်ဝချမ်းသာလာ

COVID-19 ကပ်ဘေးအတွင်း စင်ကာပူက အချမ်းသာဆုံးသူဌေး တစ်လလျှင် ကန်ဒေါ်လာ ၁ ဘီလီယံကျော် ပိုပြီး ကြွယ်ဝချမ်းသာလာ

ဧပြီ ၂၅

စင်ကာပူနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း ၎င်း၏ ဆေးဖက်ဆိုင်ရာပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ ရှယ်ယာဈေး ၅၀ ရာခိုင်နှုန်းနီးပါး ထိုးတက်ခြင်းကြောင့် ယခုနှစ်၌ တစ်လလျှင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ဝင်ငွေဖြောင့်ကာ ပို၍ ချမ်းသာလာသည်။

Shenzhen Mindray Bio –Medical Electronics ကုမ္ပဏီအား ပူးတွဲတည်ထောင်သူနှင့် ဥက္ကဌဖြစ်သူ Li Xiting ၏ ကြွယ်ဝချမ်းသာမှုသည် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံ မြင့်တက်ပြီး ဒေါ်လာ ၁၃ ဒသမ ၅ ဘီလီယံအထိ ရှိလာခဲ့ကြောင်း Bloomberg ၏ အချက်အလက်အရ သိရပြီး ယင်းသည် ၂၄ နာရီတိုင်း ပျမ်းမျှ ဒေါ်လာ ၃၇ ဒသမ ၇ သန်း ဝင်ငွေဖြောင့်နေခြင်း ဖြစ်သည်။ ထိုအတွက်ကြောင့် တရုတ်နိုင်ငံ အန်ဟွေးပြည်နယ်တွင် မွေးဖွားသော Li အား ၂၀၁၈  ခုနှစ်မှစတင်ကာ နိုင်ငံသားဖြစ်လာသည့် စင်ကာပူနိုင်ငံ၌ အချမ်းသာဆုံးသူဌေးကြီး ဖြစ်လာစေခဲ့သည်။

တရုတ်အလယ်ပိုင်းတွင် စတင်ဖြစ်ပွားပေါ်ပေါက်ပြီး တစ်ကမ္ဘာလုံး ပျံ့နှံ့ကာ လူပေါင်း နှစ်သန်းကျော် ကူးစက်ခံရသည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ဖြစ်ပွားချိန်မှစပြီး Li ၏ Mindray ကုမ္ပဏီ ရှယ်ယာများ ဈေးခုန်တက်လာခဲ့ခြင်း ဖြစ်သည်။ ရှန်ကျန်ရှိ ChiNext ရှယ်ယာဈေးကွက်တွင် ကြာသပတေးနေ့ အရောင်းအဝယ်၌ Mindray ၏ ရှယ်ယာဈေးသည် စံချိန်တင်မြင့်တက်ပြီး ယန်းငွေ ၂၇၀ ဒသမ ၅၂ ယန်းရှိရာ ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးသည် ယန်း ၃၂၉ ဘီလီယံ(အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၅ ဘီလီယံ)အထိ ရှိခဲ့သည်။

“မတ်လအတွင်းမှာ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို အဝယ်အမှာစာတွေ သိသိသာသာ တိုးမြင့်လာခဲ့တာ ဖြစ်တယ်။ ရောဂါကပ်ဘေးကို တိုက်ဖျက်ဖို့ ကျွန်တော်တို့ရဲ့ ဆေးဖက်ဆိုင်ရာပစ္စည်းကိရိယာတွေအတွက် နိုင်ငံပေါင်း ၁၀၀ ကျော်လောက်က အဝယ်အမှာစာတွေ လက်ခံရရှိခဲ့တယ်။”ဟု South China Morning Post ၏ မေးမြန်းချက်ကို Mindray ကုမ္ပဏီက အီးမေးလ်မှတစ်ဆင့် ပြန်လည် ဖြေကြားခဲ့သည်။

အီတလီတစ်နိုင်ငံတည်းကပင် အသက်ရှူစက်၊ ပုံရိပ်ဖမ်းစက်နှင့် လူနာစောင့်ကြည့်ရေးစက်အပါအဝင် ဆေးဖက်ဆိုင်ရာစက်ပစ္စည်းကိရိယာ အစုံပေါင်း တစ်သောင်းနီးပါးကို မှာယူခဲ့ကြောင်း ပုံရိပ်ဖမ်းစက်နှင့် လူနာစောင့်ကြည့်ရေးစက်များအပါအဝင် ဆေးဖက်ဆိုင်ရာကိရိယာများ ထုတ်လုပ်သော ယင်းကုမ္ပဏီက ပြောပြီး မည်သည့်ဈေးဖြင့် ရောင်းချခဲ့သည်ကို ထုတ်ဖော်ပြောရန် ငြင်းဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly