ပိုးသတ်ဆေးထိုးခြင်းက COVID-19 ကုသမှုနည်းလမ်း ဖြစ်ကောင်းဖြစ်နိုင်ဟု ထင်မြင်ချက်ပေးခဲ့သည့် ဒေါ်နယ်ထရမ့် ဝေဖန်ခံနေရ

ပိုးသတ်ဆေးထိုးခြင်းက COVID-19 ကုသမှုနည်းလမ်း ဖြစ်ကောင်းဖြစ်နိုင်ဟု ထင်မြင်ချက်ပေးခဲ့သည့် ဒေါ်နယ်ထရမ့် ဝေဖန်ခံနေရ

ဧပြီ ၂၄

လူ့ခန္ဓာကိုယ်ထဲ ပိုးသတ်ဆေးထိုးခြင်းက COVID-19 ကို ကုသနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ကြောင်း အကြံပြုပြောဆိုခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ယခုအခါ ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ထို့ပြင် ထရမ့်၏ အဆိုပါ အိုင်ဒီယာက လူအများကို အံ့အားသင့်သွားစေသည်။

ဗိုင်းရပ်စ်က မတူညီသော အပူချိန်များ၊ ရာသီဥတုများနှင့် မျက်နှာပြင်များကို မည်သို့ တုန့်ပြန်သလဲ ဆိုသည့်အပေါ် လေ့လာထားသည့် အစိုးရလေ့လာချက်သစ်တစ်ခုနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ထရမ့်က ဧပြီ ၂၃ ရက်တွင် ပြုလုပ်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အိမ်ဖြူတော် အထူးအဖွဲ့၏ ရှင်းလင်းတင်ပြခြင်းအခမ်းအနားတစ်ခု၌ ဆွေးနွေးသွားခဲ့သည်။

“ဒီတော့ ပိုးသတ်ဆေးက အဲဒီနေရာမှာ ဗိုင်းရပ်စ်ကို တစ်မိနစ်အတွင်း ရှင်းထုတ်နိုင်တယ်လို့ ကျွန်တော် မြင်ပါတယ်၊ တစ်မိနစ်တည်းပါ၊ ပြီးတော့ ဒါကို ခန္ဓာကိုယ်တွင်းကို ထိုးနှံတာ ဒါမှမဟုတ် သန့်ရှင်းအောင် လုပ်တာတို့နဲ့အတူ ကျွန်တော်တို့ တစ်ခုခု လုပ်နိုင်မယ့် နည်းလမ်းတစ်ခု ရှိနေသလား၊ ဒါကို စစ်ဆေးလေ့လာကြည့်ဖို့က စိတ်ဝင်စားစရာ ကောင်းပါတယ်၊ ဒီတော့ ခင်ဗျားတို့အနေနဲ့ ဆေးဘက်ဆိုင်ရာ ဆရာဝန်တွေနဲ့အတူ ဒါကို အသုံးချရပါမယ်၊ ဒါပေမယ့် ဒါက ကျွန်တော့်အတွက်ကတော့ စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စပါ” ဟု ထရမ့်က ပြောသွားသည်။

ယင်းသို့ ထရမ့်၏ အကြံပြုပြောဆိုချက်နှင့်ပတ်သက်၍ အထူးအဖွဲ့၏ တုန့်ပြန်ရေး ညှိနှိုင်းရေးမှူး Dr Deborah Birx က နှုတ်ဆိတ်နေခဲ့သည်။ သို့သော် ထရမ့်၏ အဆိုပါ ပြောဆိုချက်အပေါ် ဆိုရှယ်မီဒီယာပေါ်တွင် ဒေါသတကြီး တုန့်ပြန်မှုများ ပေါ်ပေါက်ခဲ့သည်။

ထို့ပြင် ပိုးသတ်ဆေး ထိုးခြင်း သို့မဟုတ် ခရမ်းလွန်ရောင်ခြည် အသုံးပြုခြင်းတို့ မပြုလုပ်ကြရန် ဆရာဝန်များကလည်း ပြည်သူများကို သတိပေးခဲ့ရသည်။

ကယ်လီဖိုးနီးယားတက္ကသိုလ် အများပြည်သူမူဝါဒ ဆိုင်ရာ ပါမောက္ခ Robert Reich က “ထရမ့်ရဲ့ ခုလို ပြောဆိုချက်တွေဟာ အများပြည်သူရဲ့ ကျန်းမာရေးအတွက် အတော့်ကို အန္တရာယ်များပါတယ်၊ ဒီ ဝါဒဖြန့်မှုကို ဆန့်ကျင်ကြပါ၊ ကျွမ်းကျင်ပညာရှင်တွေ ပြောတာကိုပဲ နားထောင်ကြပါ၊ ကျေးဇူးပြုပြီး ပိုးသတ်ဆေးတွေ မသောက်ကြပါနဲ့” ဟု တွစ်တာတွင် ရေးသားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly