ကွယ်လွန်သူ ဆော်ဒီဘုရင်၏ တိတ်တိတ်ပုန်းဇနီး ထောက်ပံ့ကြေး စတာလင်ပေါင် ၁၅သန်း ရဖွယ်ရှိ

ကွယ်လွန်သူ ဆော်ဒီဘုရင်၏ တိတ်တိတ်ပုန်းဇနီး ထောက်ပံ့ကြေး စတာလင်ပေါင် ၁၅သန်း ရဖွယ်ရှိ

လန်ဒန်၊ နိုဝင်ဘာ-၄ ။            ။ ကွယ်လွန်သွားပြီဖြစ်သည့် ဆော်ဒီဘုရင် ဖတ်နှင့် တိတ်တိတ်ပုန်း လက်ထပ်ထားသည်ဟု ပြောကြားသည့် အမျိုးသမီးတစ်ယောက်က ဖတ်၏သားဖြစ်သူထံမှ   ပေါင်သန်းပေါင်းများစွာ နစ်နာကြေးရရန် လန်ဒန်အထက်ရုံးတော်သို့ ဦးတိုက်လျှောက်ခဲ့ရာ အောင်မြင်သွားခဲ့သည်ဟု ဆိုသည်။

အဆိုပါအမျိုးသမီး ဂျာနန်ဟာ့မှာ စတာလင်ပေါင် ၁၅သန်းကျော်အပြင် တစ်ခန်းလျှင် စတာလင်ပေါင် ၅သန်းတန်သည့် ဇိမ်ခံ လန်ဒန် တိုက်ခန်း၂ခန်းကိုလည်း ပိုင်ဆိုင်ခွင့်ရှိကြောင်း တရားသူကြီး ပီတာ စမစ်က စီရင်ဆုံးဖြတ်ပေးခဲ့သည်ဟု ဆိုသည်။

သက်ဦးစံပိုင်ဘုရင်၏ သားတော် မင်းသား အဗ္ဗဒူ အဇစ် ဘင် ဖတ်က သူမ၏ ကျန်ဘဝသက်တမ်းကို စောင့်ရှောက်ပါမည်ဟူသော ဖခင်ဘုရင်ကြီး၏ ကတိကဝတ်ကို ဖြည့်ဆည်းသည့်အနေဖြင့် ဟာ့ဘ်နှင့် သဘောတူညီချက် ပြုလုပ်ခဲ့သည်ကို ပီတာစမစ်က လက်ခံခဲ့သည်ဟု ဆိုသည်။   

အကယ်၍မင်းသား ဘင် ဖတ်က ပိုမိုအဆင့်မြင့်သော အယူခံရုံးတွင် ဆုံးဖြတ်ချက်ကို မကန့်ကွက်ခဲ့ပါက ဟာ့ဘ်၏ ရပိုင်ခွင့်များကို ၂၈ရက်အတွင်း ပေးရမည်ဖြစ်သည်။ ခရစ်ယာန်ပါလက်စတိုင်းမိသားစုတွင် မွေးဖွားခဲ့သည့် ဟာ့ဘ် (၆၈နှစ်)မှာ ယခုလက်ရှိတွင် ဗြိတိန်နိုင်ငံသားတစ်ယောက် ဖြစ်သည်။ ဘုရင် ဖတ် ၁၉နှစ်သားအရွယ် မင်းသားတစ်ပါးနှင့် ပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့စဉ် ၁၉၆၈ခုနှစ်တွင် သူမနှင့် တိတ်တိတ်ပုန်း လက်ထပ်ခဲ့သည်ဟု ဟာ့ဘ်က ပြောကြားခဲ့သည်။

၁၉၈၂ခုနှစ်တွင် ဘုရင်ဖြစ်လာခဲ့ပြီး ၂၀၀၅ခုနှစ်တွင် သေဆုံးသွားခဲ့သည့် ဖတ်က သူမ၏ ကျန်ဘဝတစ်လျှောက်လုံးကို ထောက်ပံ့သွားမည်ဟု ကတိထားခဲ့ကြောင်းလည်း ဟာ့ဘ်က ပြောကြားခဲ့သည်။

တစ်ဖန် ၂၀၀၃ခုနှစ်တွင်လည်း သားဖြစ်သူ အဗ္ဗဒူ အဇစ်က ဖခမည်းတော်၏ ကတိကဝတ်ကို ဆက်လက်လေးစားလိုက်နာရန် အသင့်ရှိကြောင်း သူမကို ပြောကြားခဲ့ပြီး သူမအား စတာလင်ပေါင် ၁၂သန်းနှင့် သိမ်းမြစ်နံဘေးရှိ တိုက်ခန်းနှစ်ခန်းကို ပေးမည်ဟု ကမ်းလှမ်းခဲ့ကြောင်းလည်း ဟာ့ဘ်က ပြောကြားခဲ့သည်။

ငွေကြေးရော တိုက်ခန်းပါ နှစ်ခုစလုံးမရသည့်အခါတွင်မှ သူမက ဥပဒေကြောင်းဖြင့် လျှောက်ထား တောင်းဆိုလာခဲ့ခြင်းပင် ဖြစ်သည်။ ‘ကျမ ၁၂နှစ်လုံးလုံး စိတ်ဆင်းရဲနေခဲ့ရတာ။ ဗြိတိန်ရဲ့ တရားရေးစနစ်ကို ကျေနပ်မိပါတယ်’’ ဟု ဟာ့ဘ်က ပြောကြားခဲ့သည်။

သို့ရာတွင် သူမ၏ ခရစ်ယာန်ဘာသာရေးနောက်ခံကြောင့် ဖတ်၏မိသားစုက ဟာ့ဘ်နှင့် ဘုရင်ကြီး၏ ဆက်ဆံရေးကို ဆန့်ကျင်နေခဲ့ကြသည်ဟု ဆိုသည်။

‘သူတို့အတော်များများက အစ္စလာမ်ကို တင်းတင်းကျပ်ကျပ်လိုက်နာပြီး အခြားဘာသာတွေအပေါ် နက်ရှိုင်းတဲ့ အာဃာတရှိနေတော့ ကျမတို့ရဲ့ ဆက်ဆံရေးကို ဆော်ဒီလူထုက ဘယ်လိုမြင်မလဲဆိုတာကို ဖတ်က စိုးရိမ်နေခဲ့တယ်။ ဒါ့ကြောင့်လည်း ၁၉၆၈ခုနှစ် မတ်လမှာ ကျမတို့ လျှို့ဝှက်လက်ထပ်ပွဲလေး ကျင်းပခဲ့တယ်’ဟု ဟာ့ဘ်က ပြန်ပြောင်းပြောပြသည်။ လက်မထပ်မီ အခိုက်အတန့်ကလေးတွင်ပင် ဟာ့ဘ်က ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့သည်ဟု ဆိုသည်။

သူမမှာ သုံးကြိမ် ကိုယ်ဝန်ရခဲ့ပြီး လူထုက မကျေမနပ်ဖြစ်မည်ကို ဖတ်၏ စိုးရိမ်သောကကြောင့် သုံးကြိမ်စလုံးတွင် ဖျက်ချခဲ့ရသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly