ရန်ကုန်မှ နိုင်ငံတစ်ဝန်းသို့ မြန်မာ့မီးရထားပြေးဆွဲနေမှုကို ဧပြီလကုန်အထိ ရပ်ဆိုင်း

ရန်ကုန်မှ နိုင်ငံတစ်ဝန်းသို့ မြန်မာ့မီးရထားပြေးဆွဲနေမှုကို ဧပြီလကုန်အထိ ရပ်ဆိုင်း
ပုံ- ရန်ကုန်ဘူတာကြီးတွင် ခရီးသည် အတင်အချလုပ်နေသော မြန်မာ့မီးရထား(ပုံ-မဇ္ဈိမ)

ရန်ကုန်၊ ဧပြီ ၂၃

ရန်ကုန်မှ နိုင်ငံတစ်ဝန်းသို့ ပြေးဆွဲနေသော မြန်မာ့မီးရထားပြေးဆွဲမှုကို ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ဧပြီလကုန် အထိ ယာယီရပ်ဆိုင်းထားကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ ဦးဆောင်ညွန်ကြားရေးမှူး ဦးဘမြင့်က မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်ဘူတာကြီး မြို့ပတ် မီးရထား(ပုံ-မဇ္ဈိမ)

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်ဘူတာကြီးမှတဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့သို့ ပြေးဆွဲပေးနေသော မြန်မာ့မီးရ ထား ပြေးဆွဲမှုကို မူလက ဧပြီ ၁၀ ရက်မှ သင်္ကြန်ပိတ်ရက်(ဧပြီ ၁၉ ရက်)အထိ ယာယီရပ်ဆိုင်းထား သော်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ပိုများလာသည့်အတွက် ဧပြီလကုန်အထိ ပြေးဆွဲမှုကို ယာယီရပ်ဆိုင်း ထားရခြင်းဖြစ်ကြောင်း သိရ သည်။

မြန်မာ့မီးရထားလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က"ကျွန်တော်တို့ရထားက လောလောဆယ်တော့လေ ဖြစ်လာရင် ကူးစက်မှု များနိုင်တဲ့အတွက်ကြောင့်မို့လို့ ရန်ကုန်မှာလည်း ရထားအများကြီး ရှိတာမဟုတ်ဘူး တစ်ဆိုင်းပဲ ရှိတာ။ အဲ့ဒါအခု လကုန်အထိတော့ မပြေးဖို့ ရက်ကိုတိုးထားတယ်"ဟု ပြောသည်။

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်မှု အခြေအနေကို ကြည့်ပြီးမှသာလျှင် ရထားလိုင်းများ ပြန်လည် ပြေးဆွဲမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိ နိုင်ငံတစ်ဝန်း ပြေးဆွဲနေသော မြန်မာ့မီးရထား ပြေးဆွဲမှုကို ဧပြီလကုန်ထိ ရပ်ဆိုင်းထားသော်လည်း ရန်ကုန်-မန္တလေးသို့ ပြေးဆွဲသော ရထားလိုင်းအား ရပ်နားထားခြင်း မရှိသလို ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် မြို့ပတ်ရထား ကိုလည်း တစ်ရက်လျှင် အဆိုင်း သုံးဆိုင်းဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့မီးရထားလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က "ကျွန်တော်တို့က ရပ်လိုက်လို့မရဘူး။ နိုင်ငံတော် အခြေ အနေနဲ့။ ဘာလို့လဲဆို ဆန်တွေ၊ ဆီတွေ၊ ဆားတွေ၊ ဘာတွေညာတွေ သယ်ဖို့ အရေးပေါ်သွားဖို့လာ ဖို့က ဒီတစ်ခုပဲ ကျန် တော့တာကို"ဟု ပြောသည်။

ထို့နောက် ယခုနှစ်အတွင်း အပြီးသတ် လုပ်ဆောင်မည့် ရထားလမ်း ပြင်ဆင်မှု စီမံကိန်းကိုလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကြောင့် ရပ်နားထားကြောင်း ၎င်းက ဆိုသည်။

ဦးဘမြင့်က"အဲ့ဒါတွေက လောလောဆယ်က အရှိန်အဟုန်နဲ့ အကုန် အရမ်းလုပ်လို့ မရဘူး။ သူ့နေရာနဲ့သူ လူစုလို့ မရတာ တို့၊ ရန်ကုန် ဆိုရင် တော်တော်များများ ရပ်ပြီ။ သူက လုပ်ငန်း သဘာဝအရ လူစုရတာကို။ အဲ့တော့ လုပ်လို့ရတဲ့ နေရာတွေ ကိုတော့ ကျန်တဲ့တိုင်းက လုပ်နေပါတယ်"ဟု ပြော သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ဧရာဝတီတိုင်းဒေသကြီးတွင်လည်း ရထားပြေးဆွဲမှု ခရီးစဉ်တချို့ ယာယီ ရပ်ဆိုင်း ထားမှုအား ဧပြီလကုန်ထိ ရက်တိုးမြှင့် သတ်မှတ်ထားကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required