ပလက်၀ မြန်မာ့စီးပွားရေးဘဏ်အိမ်ရာ လက်နက်ကြီးကျ၍ သုံးဦးသေ တစ်ဦးဒဏ်ရာရ

ပလက်၀ မြန်မာ့စီးပွားရေးဘဏ်အိမ်ရာ လက်နက်ကြီးကျ၍ သုံးဦးသေ တစ်ဦးဒဏ်ရာရ
ပုံ- ပလက်ဝမြို့ကိုတွေ့ရစဉ်(ပုံ-ချစ်မင်းထွန်း)

ရန်ကုန်၊ ဧပြီ ၂၂

ချင်းပြည်နယ် ပလက်ဝမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းအိမ်ရာဝင်းသို့ ယနေ့ ညနေက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦးအပါအဝင် သုံးဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ တစ်ဦးဒဏ်ရာရသွားသည်ဟု ပြည်နယ်အစိုးရက ပြောသည်။
 
ချင်းပြည်နယ်အစိုးရ အဖွဲ့ စည်ပင်၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က “ဒီနေ့ မနက် ၉ နာရီထဲက တိုက်ပွဲက စဖြစ်နေတာ အခုညနေအထိပေါ့။ ပလက်ဝမြို့ပေါ်ကို ကျော်ပြီးတော့ အပြန်အလှန် ပစ်နေကြတာ။ လက်နက်ကြီးကျတာကတော့ ဘဏ်နားမှာ၊ အဲ့နားမှာ ဝန်ထမ်းအိမ်ရာ ရှိတယ်။ အဲ့နားမှာ ကျတဲ့အတွက် ဘဏ်ဝန်ထမ်းရဲ့ အမျိုးသမီးနဲ့ ကလေးဆုံးတယ်။ နောက်ပြီး ကလေးတစ်ယောက် ထပ်ဆုံးတယ်” ဟု ပြောသည်။

 သေဆုံးသူများမှာ  မြန်မာ့စီးပွားရေးဘဏ်အိမ်ရာတွင် နေထိုင်သော ဒေါ်ဧသတာ (အသက် ၂၆ နှစ်) နှင့် သူ၏ သမီးဖြစ်သူ အဲလိဇဘက်မိုးမိုးအောင် (အသက် လေးနှစ်) နှင့် မောင်အောင်နိုင်ဦး (အသက် ကိုးနှစ်) တို့ဖြစ်ကြသည်။

ထို့အပြင် ဘဏ်ဝန်ထမ်း အမျိုးသားတစ်ဦးတွင်လည်း ဝမ်းဗိုက်ဒဏ်ရာရသွားခဲ့သည်။

ပုံ - ပလက်ဝမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဒေသခံတစ်ဦးကို တွေ့ရစဉ်(ပုံ-ချစ်မင်းထွန်း)

ချင်းပြည်နယ်၊ ပလက်ဝမြို့အရှေ့ဘက်ခြမ်းရှိ အိန္ဒိယ၏ ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် လုံခြုံရေးယူထားပေးသော အစိုးရတပ်နှင့် ကုလားတန်မြစ် အနောက်ဘက် ခြမ်းရှိ AA တို့၏ တိုက်ပွဲများ ပြင်းထန်သည်ဟု သိရသည်။
 
ထို့ပြင် ယနေ့ နံနက်ပိုင်းကလည်း တပ်မတော်နှင့် AA တို့ တိုက်ပွဲကြောင့် ယာတောသို့သွားသည့် အသက် ၄၀ အရွယ်ရှိ အမျိုးသမီးတစ်ဦး သေနတ်ကျည်ထိမှန်ကာ သေဆုံးခဲ့သေးကြောင်းလည်း ချင်းတိုက်ပွဲ ရှောင်ပြည်သူများ ကူညီရေးနှင့် ပြန်လည် ထူထောင်ရေးကော်မတီ (RRCCI)မှ မမိုင်နန်းဝေက ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ တပ်မတော်နှင့် AA တို့ ယခုနှစ် မတ်လမှ ဧပြီလ (ဧပြီ ၂၂ ရက်ထိ) ဖြစ်ပွားခဲ့ သော တိုက်ပွဲများအတွင်း အရပ်သား ၃၃ ဦး သေဆုံးခဲ့ပြီး ၃၉ ဦး ဒဏ်ရာများရရှိခဲ့သလို လူနေအိမ် ၅၀ ဝန်းကျင် ပျက်စီးသွားခဲ့ကြောင်း RRCCI ထံမှ သိရသည်။
 
ပလက်ဝမြို့နယ်တွင် လူဦးရေ  တစ်သိန်း တစ်သောင်းကျော်ရှိပြီး ပလက်ဝမြို့ပေါ်၌ တိုက်ပွဲရှောင် ၃၇၀၀ နှင့် ဒေသခံ ၈၀၀၀ ဦး နေထိုင်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly