WHO ဝန်ထမ်းသေဆုံးမှုကို အမေရိကန်ကပြစ်တင်ရှုတ်ချ

ဧပြီ

ကိုဗစ်-၁၉ စစ်ဆေးရန်အတွက် သယ်ယူပို့ဆောင်ပေးခဲ့သူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ယာဉ်မောင်း  သေနတ်ဖြင့် အပစ်ခံရ၍ သေဆုံးမှုအပေါ် အမေရိကန်ပြည်ထောင်စုက ပြစ်တင်ရှုတ်ချလိုက်ပြီး စုံစမ်းစစ်ဆေးမှုပြုရန် တိုက်တွန်းလိုက်သည်။
 
ဦးပြည့်စုံဝင်းမောင် မောင်းနှင်သော ကုလသမဂ္ဂကားမှာ ဧပြီလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရာမောင်တံတားအလွန်တွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်။ အဆိုပါပစ်ခတ်မှုကြောင့် ယာဉ်မောင်း ဦးပြည့်စုံဝင်းမောင်သေဆုံးခဲ့ရသလို ကျန်းမာရေးဝန်ထမ်းတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။

" ဤရဲရင့်သော မြန်မာနိုင်ငံသားနှစ်ဦးသည် သေစေနိုင်သော ဗိုင်းရပ်စ်ဘေးမှ နိုင်ငံတစ်ဝန်း ပြည်သူ အားလုံးကို ကာကွယ် ရန် ကြိုးပမ်းအားထုတ်သည့် အစိတ်အပိုင်း တစ်ရပ်ဖြစ်သော ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး စစ်ဆေးရန် အတွက် သယ်ယူ ပို့ ဆောင်ပေးခြင်း ဖြစ်ပါသည်။ စုံစမ်းစစ်ဆေးမှု တစ်ရပ်ကို ပြည့်ပြည့်ဝဝ ဆောင်ရွက်ရန်နှင့် ကျူးလွန် သူများကို တရားဥပဒေ အတိုင်း စီမံဆောင်ရွက်ပေးပါရန် အာဏာပိုင်များကို မိမိတို့ တိုက်တွန်း ပါသည်။" ဟု ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ယနေ့နံနက်ပိုင်းက ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိသည်။
 
 မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ် AA အဖွဲ့တို့ကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် လွန်ခဲ့သော သီတင်းပတ်အနည်းငယ်အတွင်းမှာပင် အရပ်သားသေဆုံးမှုဒါဇင်နှင့်ချီရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

တနင်္လာနေ့က WHO ယာဉ်မောင်းသေဆုံးမှုနှင့်ပတ်သက်ပြီး နှစ်ဘက်လုံးက ငြင်းဆိုထားသလို အပြန်အလှန် စွပ်စွဲထားကြသည်။

အသက် ၂၈ နှစ်အရွယ် ဦးပြည့်စုံဝင်းမောင်သေဆုံးပြီး ကျန်းမာရေးအရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့မှုအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြင်းထန်စွာ ရှုတ်ချလိုက်သည်ဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂရုံးက ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကွယ်လွန်သူ၏ ကျန်ရစ်သူမိသားစုဝင်များအား ဝမ်းနည်းကြောင်း ပြောဆိုလိုက်ပြီး  " အဆိုပါဖြစ်စဉ်ကို ပွင့်လင်းမြင်သာစွာ စူးစမ်းဖော်ထုတ်ပေးရန်နှင့်  ပြစ်မှုကျူးလွန်သူများကို ရုံးတင်စစ်ဆေးပေးရန် တောင်းဆိုလိုက် သည်။" ဟုလည်း ပါရှိသည်။

ရန်ကုန်ရှိ ကုလသမဂ္ဂရုံးက ဝမ်းနည်းကြောင်း အလံတစ်ဝက်ချလွှင့်ထူထားခဲ့သည်။

စစ်တွေမှ ရန်ကုန်ရှိ အမျိုးသားဓာတ်ခွဲမှုဌာနသို့ပို့ဆောင်မည့် COVID-19 တို့ဖတ်နမူနာများ သယ်ဆောင်လာသောယာဉ်တွင် ကုလသမဂ္ဂအမှတ်တံဆိပ်ကပ်ထင်ရှားစွာကပ်ထားသလို ကုလသမဂ္ဂရုံးများသုံး ကားနံပါတ်ပြား လည်း ပါရှိသည့် ဓာတ်ပုံများကို လူမှုကွန်ရက်စာမျက်နှာတွင် တွေ့ရသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ယခုလအထိ တပ်မတော်နှင့် AA တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်း အရပ်သားသေဆုံးမှု ၁၀၀ ကျော်ရှိပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ၂၉ ဦးသေဆုံးခဲံသည်ဟု ရခိုင်နှင့်ချင်း အရပ်ဖက်အဖွဲ့အစည်းများက ထုတ်ပြန်သည်။

AA ကို အစိုးရက အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် မတ်လ ၂၃ ရက်နေ့က ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required