ယုဇနပလာဇာဈေး ဧပြီ ၂၄ ရက်နေ့ ပြန်ဖွင့်မည်

ဧပြီ ၂၂

ရန်ကုန်မြို့ရှိ လူသုံးကုန် လက္ကားဈေးကြီးတစ်ခုဖြစ်သော ယုဇနပလာဇာဈေးကြီးကို လာမည့် ဧပြီလ ၂၄ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ယုဇနပလာဇာစီမံခန့်ခွဲမှုကော်မတီမှ တာဝန်ခံ ဦးမင်းမင်းစိုးထံမှ သိရသည်။

ယုဇနပလာဇာတွင် ဆိုင်ခန်းပေါင်း ၃၀၀၀ကျော်ရှိပြီး ဈေးကြီးကို မေလ ၂ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း လာရောက်ဝယ်ယူရာတွင် စုပြုံမှုများမရှိစေရန် ယခုကဲ့သို့ ကြိုတင် ဖွင်လှစ်ပေးရခြင်းဖြစ်သည်ဟု တာဝန်ခံ ဦးမင်းမင်းစိုးက ပြောသည်။

“ဒီဘက်မှာတော့ အားလုံးအတွက် စဉ်းစားပြီး လုပ်ပေးရတာလေ။ အားလုံးဆိုတာ ဖွင့်ချင်တဲ့သူလည်း ရှိတယ်။ မဖွင့်ချင်တဲ့သူလည်း ရှိတယ်။မေလ ၂ရက်နေ့ကျမှ ကောက်ဖွင့်ရင်လည်း ဝုန်းဒိုင်းကြီးနဲ့ လူတွေအများကြီး ပြုံကျလာမှာ။ဒါမျိုးလည်း စိုးတယ်လေ။ ဆိုင်တွေက ဖွင့်တာ၊ မဖွင့်တာ သူတို့ရဲ့သဘောပါပဲ” ဟု ၎င်းက ပြောသည်။

ယုဇနာပလာဇာတွင် လက်လီ၊ လက်ကားရောင်းချသည့် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်များ၊ အထည်အလိပ်များ၊ အီလက်ထရောနစ်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများကို မိမိဒေသတွင် တဆင့်ပြန်ရောင်းချသည့် ဈေးသည်များက လာရောက် ဝယ်ယူလေ့ရှိကြသည်။

ယခုကဲ့သို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာသည့်အချိန်တွင်လူစည်ကားသော ဈေးများကို မဖွင့်လှစ်သင့်ကြောင်း၊ ဖွင့်လှစ်ရန် လိုအပ်လာပါကလည်း ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိတိကျကျလုပ်ဆောင်နိုင်မှသာ ဖွင့်လှစ်သင့်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဆိုသည်။

“၂၄ ရက်နေ့ ဖွင့်ဖို့က အဲ့လိုမျိုးသေသေချာချာ ပြင်ဆင်ပြီး ဖွင့်ဖို့ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ဘာလို့လဲဆိုတော့ မင်္ဂလာဈေးတို့ ဘာတို့ဆိုလည်း တစ်ဆိုင်နဲ့ တစ်ဆိုင်ကပ်နေတာလေ။ သိပ်ဝေးဝေးမရှိဘူး ။ဒါ့ကြောင့်လူတစ်ယောက်မိပြီဆိုရင် ဆက်လိုက်ရတာက ဆယ်ဂဏန်း၊ ရာဂဏန်း ဖြစ်သွားနိုင်တယ်။ဒါကြောင့် လူစုလူဝေး ဖြစ်နိုင်တဲ့ ကိစ္စတွေကို ကောင်းကောင်းကိုင်တွယ်နိုင်တဲ့အထိ ငြိမ်ငြိမ်လေး နေသင့်တယ်”ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။

သို့သော် ဈေးစီမံခန့်ခွဲမှုကော်မတီကတော့ ဈေးပြန်လည်ဖွင့်ချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည့်အတိုင်း မျက်နှာစီး (Mask) မတပ်ဆင်သူများကို ပလာဇာအတွင်း ဝင်ခွင့်မပြုရန်နှင့် လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့်အနည်းဆုံး သုံးပေခွာ၍ ရောင်းဝယ်နိုင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

ထို့ပြင်မင်္ဂလာတောင်ညွန်မြို့နယ်အတွင်းရှိလက်ကားရောင်းချသော ရွှေပြည့်စုံဈေးကိုလည်း ဧပြီလကုန်ပိုင်းတွင် ပြန်လည် ဖွင့်လှစ်ရန် အစိုးရက ညွှန်ကြားထားကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့် မြို့နယ်သည် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ပထမဆုံး သေဆုံးသည့် မြို့နယ်ဖြစ်သည်။

လူနာအမှတ် (၅) မှတဆင့် ၎င်းအားပြုစုပေးသော သားဖြစ်သူကို ကူးစက်ခဲ့ပြီး လက်ရှိအချိန်ထိ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ နှစ်ဦး ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly