ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌအပါအဝင် လူ ၃၀ နီးပါး ကွာရန်တိုင်း ဝင်နေ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌအပါအဝင် လူ ၃၀ နီးပါး ကွာရန်တိုင်း ဝင်နေ

ဧပြီ ၂၂

တရုတ်ကုမ္ပဏီတစ်ခုက လှူဒါန်းထားသော COVID-19 အမြန်စစ်ကိရိယာဖြင့် စမ်းသပ်ဆေးစစ်ပြီးနောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်အစိုးရထိပ်တန်းခေါင်းဆောင်များ Facility Quarantine ဝင်ခြင်း ဖြစ်ပေါ်လာခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးလင်းထွဋ်၊ စည်ပင်သာယာရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ တို့သည် ရှမ်းပြည်နယ်အ ရှေ့ပိုင်း တာချီလိတ်၊ကျိုင်းတုံ၊မိုင်းယောင်း ခရီးစဉ်တို့မှအပြန် ဧပြီ ၂၀ရက်က စ၍ ရှမ်းပြည်နယ် အစိုးရရိပ်သာတွင် သီးခြားခွဲနေထိုင်ကာ ကျန်းမာရေးစောင့်ကြည့်မှု ပြုလုပ်နေရသည်။

ဝန်ကြီးချုပ်ဦးဆောင်သောအဖွဲ့သည် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ဆေးရုံများအတွက် ဆေးရုံသုံးကာကွယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများသွားရောက်လှူဒါန်းသည့် ခရီးစဉ်မှအပြန် ဧပြီ ၁၉ရက်က ကျိုင်းတုံမြို့နယ်တွင် ညအိပ်စဉ် တရုတ်ကုမ္ပဏီတစ်ခုမှလှူဒါန်းထားသည့် ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးသည့် Rapid test Kit များဖြင့် ပါလာသူများအားလုံးကို စစ်ဆေးခဲ့သည်ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးစိုးညွှန့်လွင်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

 Rapid test kit များနှင့် စမ်းသပ်ကြည့်ရာ လွှတ်တော်ဥက္ကဌ၏ ကိုယ်ရေးအရာရှိ နှင့်ရှမ်းပြည်နယ် ရဲမှူးချုပ်၏ကိုယ်ရေးအရာရှိ တို့တွင်  ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသည်ဆိုသော အဖြေများထွက်ရှိခဲ့ သဖြင့်ခရီးစဉ်တွင် ပါဝင်သူ အားလုံးကို Facility Quarantine ထားခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီး စိုင်းရှဲန်တစ်လုံက ပြောသည်။

Rapid Test Kit ကို (WHO)ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားခြင်းမရှိသော်လည်း စမ်းသပ်သည့် အနေဖြင့် အသုံးပြုခြင်းဖြစ်ကာ လူ၃၀လုံးစစ်ဆေးရာမှ နှစ်ဦးထဲသာ ထပ်ကာထပ်ကာ ဗိုင်းရပ်စ်ပိုးရှိကြောင်း ပြသနေသည်ဟု ဆိုသည်။

ယမန်နေ့က လွှတ်တော်ဥက္ကဌ၏ ကိုယ်ရေးအရာရှိ နှင့်ရှမ်းပြည်နယ် ရဲမှူးချုပ်၏ကိုယ်ရေးအရာရှိ တို့ကို ကျိုင်းတုံဆေးရုံတင်လိုက်ပြီး  သူတို့၏ နှာခေါင်းတို့ဖတ်ယူကာ ရန်ကုန်ရှိအမျိုးသားဓာတ်ခွဲခန်းသို့ပေးပို့စစ်ဆေးထား ကြောင်း ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။

ဦးစိုင်းရှဲန်တစ်လုံက “Quantine က မနေ့ကစတယ်။ ဝန်ကြီးချုပ်ရော ဝန်ကြီးတွေရော လွှတ်တော်ဥက္ကဌရော အစိုးရအဖွဲ့မှာ ပါတဲ့သူအကုန်လုံးကို ရှမ်းပြည်နယ် အစိုးရရိပ်သာမှာ တစ်ခန်းစီခွဲထားတယ်” ဟုပြောသည်။

ထို့အပြင် ခရီးစဉ်တွင် အတူပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများကိုလည်း ဟိုတယ်တစ်ခုတွင် သီးခြားနေစေကာ ကျန်းမာရေးစောင့်ကြည့်မှုပြုလုပ်ထားသည်။

“ရလဒ်က ကျန်းမာရေးဝန်ကြီးဌာနက ကြေညာတဲ့ အချိန်ကျမှ ရမှာ။ အဓိကက မပြန့်သွားအောင် မဖြန့်အောင် Quarantine ထားတဲ့သဘောပါ။” ဟု ဦးစိုင်းရှဲန်တစ်လုံကပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စစ်ဆေးအတည်ပြုချက်ရမှ ဆက်လက်ပြီး Quarantine ထားသင့်၊ မသင့် ဆုံးဖြတ်မှာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly