အင်ဒိုနီးရှား၌ ရောဂါခြေချုပ် ချိုးဖောက်သူများအား သရဲခြောက်သည့် အိမ်တွင် တံခါးပိတ်ကာ ထား

အင်ဒိုနီးရှား၌ ရောဂါခြေချုပ် ချိုးဖောက်သူများအား သရဲခြောက်သည့် အိမ်တွင် တံခါးပိတ်ကာ ထား

ဧပြီ ၂၂

အင်ဒိုနီးရှားနိုင်ငံမှ အမျိုးသမီးနိုင်ငံသမားတစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ် ရောဂါခြေချုပ်ချိုးဖောက်သူများအား စိတ်ပျက်ရာမှ ထိုသို့သော စည်းကမ်းချိုးဖောက်သူများကို သရဲခြောက်သည့် အိမ်တွင် တံခါးပိတ်ကာ ထားရှိပြီး ပညာပေးရန် ဆုံးဖြတ်လိုက်တော့သည်။

ဆရာဂျန်ဒေသ အကြီးအကဲ ယူနီဆူကိုဝါတီက ဂျကာတာမြို့တော်နှင့် အခြားမြို့ကြီးများတွင် အဝင်အထွက်ပိတ် lockdown ချလိုက်ပြီးနောက် ဒေသဆီသို့ ပြန်လည်ဝင်ရောက်လာသူများအရေးကို ကိုင်တွယ်ဖြေရှင်းရန် ယခုသီတင်းပတ်အတွင်း အမိန့်ပြန်တမ်းတစ်ရပ် ထုတ်ပြန်ခဲ့သည်ဟု ပြောသည်။

အင်ဒိုနီးရှား၏ လူဦးရေထူထပ်သိပ်သည်းသော ဂျာဗားကျွန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ရေးအတွက် ဒေသသို့ ပြန်လည်ရောက်ရှိလာသူများအနေဖြင့် ကိုယ်တိုင် ၁၄ ရက် သီးခြားခွဲနေရမည်ဖြစ်သော်လည်း အချို့သူများက လိုက်နာခြင်းမရှိဘဲ စည်းမျဉ်းချိုးဖောက်နေကြခြင်း ဖြစ်သည်။

ထိုအတွက် ဆူကိုဝါတီက ရပ်ကျေးအုပ်စုများအား သရဲခြောက်သည်ဟု နာမည်ကြီးသော စွန့်ပစ်အိမ်များကို ရောဂါခြေချုပ်အဖြစ် ပြန်လည်အသုံးပြုရန် ညွှန်ကြားချက် ထုတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်ထိ ဆရာဂျန်အရပ်က သရဲခြောက်သည်ဆိုသော အိမ်များတွင် ရောဂါခြေချုပ်ဖြင့် တံခါးပိတ်နေထိုင်ရသူ ငါးဦးအထိ ရှိထားပြီဖြစ်သည်။

“ရွာမှာ သရဲခြောက်တယ်ဆိုတဲ့ အိမ်အလွတ် ရှိတယ်ဆိုရင် ရောဂါခြေချုပ်ထားရာအဖြစ် အသုံးပြုပြီး လူတွေကို တံခါးပိတ် ထားရှိမှာ ဖြစ်တယ်။”ဟု စည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်ပြီး အေအက်ဖ်ပီက မေးရာ၌ ဆူကိုဝါတီက ဖြေကြားခဲ့သည်။

ဆီပတ်ကျေးရွာက ရပ်မိရပ်ဖများက မကြာသေးခင်ကမှ ပြန်လည်ရောက်ရှိလာပြီး ရောဂါခြေချုပ် ချိုးဖောက်သူ ရွာခံသုံးဦးကို စွန့်ပစ်ထားသည်မှာ ကြာမြင့်ပြီဖြစ်သော သရဲခြောက်သည်ဆိုသော အိမ်အလွတ်တစ်လုံးတွင် ၎င်းတို့၏ ကျန်ရှိ ရောဂါခြေချုပ်ကာလအတွက် အတင်းအကျပ် ထားရှိခဲ့ကြသည်။

သရဲခြောက်သည်ဆိုသည့် အိမ်အလွတ်တွင် တံခါးပိတ်ထားပြီး အပြစ်ပေးခံရသော်လည်း ယခုအချိန်ထိ တစ္ဆေသရဲနှင့် မတွေ့သေးကြောင်း ၎င်းတို့ သုံးဦးအနက်မှ ဟာရီဆူဆန်တိုဆိုသူက ပြောသည်။

“ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ်ဗျာ။ ခုလို လုပ်တာဟာ အားလုံးဘေးကင်းဖို့အတွက်ပဲ ဖြစ်တယ်လို့ ကျွန်တော် နားလည်ပါတယ်။”ဟု ဆူမတြားကျွန်းမှ ပြန်လည်ရောက်ရှိလာသည့် ဟာရီဆူဆန်တိုက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required