ကျန်းမာရေး ဆိုးနေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ကင်ဂျုံးအွန်အတွက် ထရမ့်က ဆုမွန်ကောင်း တောင်း

ကျန်းမာရေး ဆိုးနေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ကင်ဂျုံးအွန်အတွက် ထရမ့်က ဆုမွန်ကောင်း တောင်း

ဧပြီ ၂၂

ခွဲစိတ်ကုသမှုခံယူထားရတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်အတွက် ထရမ့်က ကျန်းမာရေးကောင်းမွန်စေကြောင်း အင်္ဂါနေ့မှာ ဆုမွန်ကောင်းတောင်း စကားဆိုပါတယ်။

ဒါပေမယ့် တံခါးပိတ်နိုင်ငံက ခေါင်းဆောင် ကင်ဂျုံးအွန်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ ထရမ့်က တိုက်ရိုက်မှတ်ချက်ပြုပြောဆိုခြင်းတော့ မရှိပါ။

“ကျွန်တော် ပြောနိုင်တာတစ်ခုကတော့ သူ့ကို ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာ ရှိစေချင်တာပါပဲ။”လို့ အိမ်ဖြူတော်မှာ ထရမ့်က သတင်းထောက်တွေကို ပြောရင်း မြောက်ကိုရီးယားခေါင်းဆောင်နဲ့ သူဟာ ကောင်းမွန် တဲ့ ဆက်ဆံရေးရှိတယ်လို့လည်း မှတ်ချက်ပြု ပြောဆိုပါတယ်။

“သူ ကျန်းမာပကတိ ရှိလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူ အခြေအနေ ဘယ်လို ရှိလဲဆိုတာကိုလည်း ကျွန်တော် သိရလိမ့်မယ် ထင်ပါတယ်။”လို့ ထရမ့်က ဖြည့်စွက်ဆိုပါတယ်။

“သတင်းတွေမှာ ဖော်ပြနေသလို သူ ကျန်းမာရေး ဆိုးနေတယ်ဆိုရင်တော့ ဒါဟာ တကယ့်ကို အလေးအနက်ထားရမယ့် အခြေအနေပဲ ဖြစ်တယ်။”လို့ ၎င်းက ပြောပါတယ်။

ကင်ဂျုံးအွန်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး တိုက်ရိုက်သတင်းအချက်အလက် ရထားသလားဆိုတာကိုတော့ ထရမ့်က ပြောဖို့ ငြင်းဆန်ပြီး သတင်းဖော်ပြချက်တွေအရပဲ သိရတယ်လို့ ပြောပါတယ်။

“အခု ထွက်ပေါ်နေတဲ့ သတင်းတွေ မှန်လားဆိုတာတော့ ကျွန်တော်လည်း မသိဘူး။”လို့ ထရမ့်က ပြောပါတယ်။

ကင်ဂျုံးအွန်ဟာ ခွဲစိတ်မှု ခံထားရပြီး ဆက်လက်ကုသမှု ခံယူနေရတယ်ဆိုတဲ့ အင်္ဂါနေ့က သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ ထရမ့်က အခုလို မှတ်ချက်ပြုပြောဆိုလာတာပဲ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ ကင်ဂျုံးအွန်ရဲ့ အဘိုးဖြစ်သူ နိုင်ငံတည်ထောင်သူ ကင်အီဆွန်းရဲ့ ဧပြီ ၁၅ ရက်က မွေးနေ့နှစ်ပတ်လည်နေ့ အခမ်းအနားဆီ ကင်ဂျုံးအွန် မတက်ရောက်ခဲ့ရာကနေ သူဟာ ကျန်းမာရေး မကောင်းတာ ကြောင့် ဖြစ်တယ်ဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ဟာ ခွဲစိတ်မှု ခံထားရပြီး အခြေအနေ စိုးရိမ်နေရတယ်ဆိုပြီး ပြီးခဲ့တဲ့ရက်က သတင်းတွေမှာ ဖော်ပြလာကြတာပဲ  ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly