COVID-19 ဒဏ်ခံစားရသည့်ပြည်သူများကို တိုက်ရိုက်ကူညီရန် ဘီလျံနာများအား ထိုင်းဝန်ကြီးချုပ်တိုက်တွန်း

COVID-19 ဒဏ်ခံစားရသည့်ပြည်သူများကို တိုက်ရိုက်ကူညီရန် ဘီလျံနာများအား ထိုင်းဝန်ကြီးချုပ်တိုက်တွန်း

ဧပြီ ၂၁

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဆုံးရှုံးနစ်နာမှုများကြုံတွေခဲ့ရသည့် ပြည်သူများအတွက် ကူညီထောက်ပံ့ရေးစီမံကိန်းများ အကောင်အထည်ဖော်ပေးရန် ၎င်းတို့နိုင်ငံမှ ဘီလျံနာသူဋ္ဌေးများအား တိုက်တွန်းလိုက်သည်။

“ ကျွန်တော်က ငွေသားတွေ လက်ခံသွားမှာမဟုတ်ပါဘူး ၊ ထိုင်းပြည်သူတွေကို ကူညီဖို့ ခင်ဗျားတို့ကို စီမံကိန်းတွေ အကောင်အထည်ဖော်ခိုင်းတာပါ၊ ပြည်သူတွေကို တိုက်ရိုက်ကူညီပေးပါ” ဆိုသည့် မေတ္တာရပ်ခံလွှာအား လက်မှတ်ရေးထိုးပြီး ဘီလျံနာ ၂၀ ဦးထံ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ပရာယွတ်က COVID-19 ကြောင့် အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုဆက်ဆံရေးများပျက်စီးကြောင်း၊ ကမ္ဘာနှင့် နိုင်ငံ့စီးပွားရေးလည်းထိခိုက်ကြောင်း၊ အထူးသဖြင့် အသိပညာ၊ စွမ်းဆောင်ရည်နှင့် စွမ်းအားရှိသော အဖွဲ့အစည်း များနဲ့ ထိုင်းပြည်သူများ ပူးပေါင်းလုပ်ဆောင်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း ပြောခဲ့သည်။

ဘီလျံနာများအနေဖြင့် ဒုက္ခရောက်နေ‌ေသာ ထိုင်းပြည်သူများကို မြန်မြန်ဆန်ဆန်နဲ့ထိထိရောက်ရောက်ကူညီရန် ဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။

Bangkok Dusit Medical Service ကို ပူးတွဲတည်ထောင်သူ Dr Prasert Prasattong-Osoth က COVID-19 အပြီး ပြည်သူများ ရေရှားပါးမှုမကြုံရစေရန် ရေအောင်းလွှာမှ ရေယူခြင်း၊ ရေသွယ်တန်းခြင်းများအပါအဝင် ရေကန်ဖော်ခြင်း၊ တူးခြင်းများအတွက် ဘတ်ငွေ သန်း ၁၀၀ သုံးစွဲသွားမည်ဟု ဆိုသည်။

အဆိုပါစီမံကိန်းအရ  ၁၀ ရက်အတွင်း ရေရနိုင်မှာဖြစ်ပြီး တံငါသည်များအနေဖြင့်လည်း ကန်အတွင်း ငါးဖမ်းနိုင်မည်ဖြစ်ကာ စပါးစိုက်ပျိုးရန်အတွက်လည်း ရေအလုံအလောက်ရလိမ့်မည်ဟု Dr Prasert က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required