မြန်မာနိုင်ငံမှ တင်ပို့လိုက်သည့် ရောဂါ အကာအကွယ်ဝတ်ရုံ ၁၄၀,၀၀၀ ဗြိတိန်သို့ ရောက်ရှိ

မြန်မာနိုင်ငံမှ တင်ပို့လိုက်သည့် ရောဂါ အကာအကွယ်ဝတ်ရုံ ၁၄၀,၀၀၀ ဗြိတိန်သို့ ရောက်ရှိ

ဧပြီ ၂၁

မြန်မာနိုင်ငံမှ တင်ပို့လိုက်သည့် ရောဂါ အကာအကွယ် ဝတ်ရုံ ၁၄၀,၀၀၀ တို့သည် ဧပြီ ၂၀ ရက်တွင် ဗြိတိန်နိုင်ငံသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာမှ တင်ပို့လိုက်သည့် အဆိုပါ အကာအ ကွယ်ဝတ်ရုံများ ရောက်ရှိကြောင်းကို အမျိုးသားကျန်းမာရေးဝန်ဆောင်မှု (NHS) အမှုထမ်းများထံ အသိပေးထားလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေစဉ်ကာလအတွင်း ဗြိတိန်ရှိ ဆေးရုံများတွင် အကာအကွယ်ပစ္စည်းများ ပြတ်လပ်မည်ကို စိုးရိမ်ပူပန်လျက် ရှိသည်။

အစိုးရအနေဖြင့် နိုင်ငံအတွက် PPE (တစ်ကိုယ်ရည် ကာကွယ်ရေးဝတ်စုံ) များ ရရှိနိုင်ရေးအတွက် ဖြစ်နိုင်ဖွယ် နည်းလမ်းမှန်သမျှကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ရီရှီ ဆူနက်ခ် က ပြောသည်။

ဧပြီ ၂၀ ရက် ဒေါင်းနင်းလမ်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားရာတွင် မစ္စတာ ဆူနက်ခ်က “ဒါက နိုင်ငံတကာမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတစ်ခုပါ၊ အခြားနိုင်ငံအများအပြားမှာလည်း ဒီလိုမျိုး ကြံုတွေ့နေရပါတယ်” ဟု ပြောသွားသည်။

“ရှေ့တန်းနေရာမှာ ရောက်နေတဲ့ NHS ဝန်ထမ်းတွေ၊ လူမှု စောင့်ရှောက်ရေးဝန်ထမ်းတွေအတွက် တကယ်လိုအပ်နေတဲ့ PPE တွေရဖို့အတွက် ကျွန်တော်တို့ အပြင်းအထန် ကြိုးစားလုပ်ကိုင်နေပါတယ်၊ ကမ္ဘာတဝန်းမှာ ရှိတဲ့ ဗြိတိန် စီးပွားရေးလုပ်ငန်းတွေ၊ ကျွန်တော်တို့ရဲ့ သံရုံးတွေဘက်ကလည်း ဝိုင်းဝန်းအားထုတ်နေပါတယ်” ဟု ၎င်းက ပြောသွားသည်။

တူရကီနိုင်ငံကနေ ပို့လိုက်သည့် PPE များ ဧပြီ ၂၀ တွင် ဆိုက်ရောက်လာရမည်ဖြစ်သော်လည်း မမျှော်လင့်ဘဲ နှောင့်နှေးကြန့်ကြာမှု ဖြစ်ခဲ့ကြောင်း ၊ သို့သော် ပုံမှန် တင်ပို့မှုများ ရှိနေကြောင်း ၎င်းက အခိုင် အမာ ပြောသည်။

“ဒီကနေ့မှာပဲ မြန်မာကနေ ပို့လိုက်တဲ့ အကာအကွယ်ဝတ်ရုံ တစ်သိန်းလေးသောင်းကို ကျွန်တော်တို့ သင်္ဘောပေါ်ကနေ ချလိုက်ပြီဖြစ်ပါတယ်” ဟု ၎င်းက ပြောသွားသည်။

“ ဘာပဲဖြစ်ဖြစ် PPE ဝယ်ယူမှုအတွက် ဖြစ်နိုင်ဖွယ် နည်းလမ်းအားလုံးကို ကျွန်တော်တို့ ဆက်လုပ်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အင်္ဂလန် အများပြည်သူ ကျန်းမာရေးဌာန အကြီးအကဲ ပါမောက္ခ ဝိုင်ဗွန်နီ ဒွိုင်းလီ ကလည်း PPE ပြည့်စုံလုံလောက်မှုမရှိခြင်းက စိုးရိမ်ဖွယ်ကောင်းကြောင်း၊ သို့သော် တာဝန်ရှိသူများအနေဖြင့် အခြေအနေ ကို တိုးတက်စေရန် အပြင်းအထန် အားထုတ်နေကြောင်း အခိုင်အမာပြောသွားသည်။

“ရှေ့တန်းနေရာမှာ ရောဂါကူးစက်နိုင်တဲ့ အန္တရာယ်ကြားကနေပဲ လူနာတွေနဲ့အနီးကပ် ထိတွေ့ကုသမှုပေးနေရသူတွေအတွက် သူတို့လိုအပ်သမျှကို ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒ ကျွန်မတို့ ဆီမှာ ရှိပါတယ်၊ ကျွန်မ သိရသလောက် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကဆိုရင် PPE  အရေအတွက်ပေါင်း ၁၂ သန်းလောက်ကို ထိန်းသိမ်းရေးအဖွဲ့အစည်း ၁၄၁ ခုထံ ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်၊  ခုချိန်က ခက်ခဲတဲ့အခြေအနေ တစ်ခုဖြစ်ပါတယ်၊ အလိုအပ်ဆုံး နေရာတွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်မတို့ အသေအချာ ကြိုးစားလုပ်ဆောင်နေပါတယ်” ဟု ၎င်းကပြောသွားခဲ့သည်။

လုံခြုံဘေးကင်းရေးစံနှုန်းများထက် အကာအကွယ်ပစ္စည်း ရရှိနိုင်မှုအပေါ်အခြေတည်ပြီး PPE အသုံးပြုမှုလမ်းညွန်ချက်ကို အဆင့်လျှော့ချထားသလား ဆိုသည့် မေးမြန်းမှုကို ပါမောက္ခ ဒွိုင်းလီ က “လမ်းညွန်ချက်ကတော့ အရင်အတိုင်း အတိအကျပဲ ဆက်ရှိနေဆဲပါ” ဟု ဖြေသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required