ခွဲစိတ်ခံရပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် အသက်ဘေး စိုးရိမ်ရ

ခွဲစိတ်ခံရပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် အသက်ဘေး စိုးရိမ်ရ

ဧပြီ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်သည် ခွဲစိတ်ကုသမှုတစ်ရပ် ခံယူပြီးနောက် အသက်ဘေး စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေသည်ဟူသောထောက်လှမ်းရေးသတင်းတစ်ရပ်ကို အမေရိကန်က စောင့်ကြည့်နေကြောင်း တိုက်ရိုက်သိရှိသည့် အမေရိကန်တာဝန်ရှိသူတစ်ဦးအရ သိရသည်။

ကင်ဂျုံးအွန်သည် ဧပြီ ၁၅ ရက်က အဘိုးဖြစ်သူ၏ မွေးနေ့ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းမရှိ၍ ၎င်း၏ ကျန်းမာရေးနှင့် ပတ်သက်ကာ ထင်ကြေးများ ထွက်ပေါ်နေသည်။ ကင်ဂျုံးအွန်အား အစိုးရ အစည်းအဝေးပွဲတစ်ရပ် မတိုင်ခင် လေးရက်အလိုက နောက်ဆုံး မြင်တွေ့ထားခြင်း ဖြစ်သည်။

အမျိုးသားလုံခြုံရေးကောင်စီနှင့် အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးသို့ CNN က ယခု သတင်းနှင့် ပတ်သက်ကာ ထင်မြင်ချက် တောင်းသော်လည်း ငြင်းဆန်ခဲ့ကြသည်။ CNN အနေဖြင့် CIA အပြင် တောင်ကိုရီးယားထံသို့လည်း ထင်မြင်ချက် တောင်းခံရာ တုံ့ပြန်ခြင်း မရှိပေ။

မြောက်ကိုရီးယားနှင့် ပတ်သက်သော ထောက်လှမ်းရေးသတင်းများကို စုစည်းရယူရခြင်းသည် နာမည်ဆိုးထွက်လောက်အောင် အလွန်ကို ခက်ခဲပြီး အမေရိကန်ထောက်လှမ်းရေးအတွက်လည်း အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်နေသည်။

မြောက်ကိုရီးယားနိုင်ငံဿည် နိုင်ငံအတွင်း နတ်ဘုရားတစ်ပါးကဲ့သို့ မင်းမူနေသော ခေါင်းဆောင်နှင့် ပတ်သက်သည့် သတင်းမှန်သမျှကို ထိန်းချုပ်ထားသည်။ နိုင်ငံပိုင်သတင်းဌာန၏ ထုတ်လွှင့်မှုတွင် ဘိုးအေဖြစ်သူ၏ မွေးနေ့ပွဲ၌ ကင်ဂျုံးအွန်အား မတွေ့မြင်ရခြင်းကြောင့် ၎င်း၏ ကျန်းမာရေးနှင့် ပတ်သက်ကာ ထင်ကြေးပေးကြခြင်းများ၊ ကောလဟလများ ထွက်ပေါ်လာခဲ့ခြင်းပဲ ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံတွင် မီဒီယာလွတ်လပ်ခွင့် မရှိဘဲ ခေါင်းဆောင်ပိုင်းနှင့် ပတ်သက်သော သတင်းများကိုလည်း ထိန်းချုပ်တင်ပြနေခြင်း ဖြစ်သည်။ သုတေသီများအနေဖြင့် မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းက ထုတ်လွှင့်ချက်များနှင့် ဝါဒဖြန့်ဗီဒီယိုများကိုသာ အားကိုးအားထားပြု စောင့်ကြည့်ပြီး သဲလွန်စကောက် အကဲဖြတ်နေရသည်။

နိုင်ငံပိုင်သတင်းမှ ဧပြီ ၁၁ ရက်က ထုတ်လွှင့်ချက်တွင် ကင်ဂျုံးအွန်ကို နောက်ဆုံး မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ နိုင်ငံ၌ အရေးပါဆုံး နေ့တစ်နေ့ဖြစ်သောကင်ဂျုံးအွန်၏ အဘိုးဖြစ်သည့် မြောက်ကိုရီးယားနိုင်ငံအား နိုင်ငံတည်ထောင်သူ ကင်အီဆွန်း၏ မွေးနေ့ နှစ်ပတ်လည်နေ့ဖြစ်သော ဧပြီ ၁၅ ရက်က အခမ်းအနားသို့ ကင်ဂျုံးအွန် တက်ရောက်ခဲ့ခြင်း မရှိခြင်းနှင့် ပတ်သက်၍လည်း မည်သည့် တရားဝင် ထုတ်ပြန်ချက်မှ ထုတ်ပြန်ထားခြင်း မရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly