ပြည်ပနိုင်ငံများမှ အော်ဒါမှာယူမှုမရှိတော့၍ ဗီယက်နမ် အထည်ချုပ်လုပ်ငန်းများ အထိနာ

ပြည်ပနိုင်ငံများမှ အော်ဒါမှာယူမှုမရှိတော့၍ ဗီယက်နမ် အထည်ချုပ်လုပ်ငန်းများ အထိနာ

ဧပြီ ၂၀

ပြည်ပနိုင်ငံများမှ အော်ဒါ(အမှာစာ) မှာယူမှု မရှိတော့၍ ဗီယက်နမ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းထဲတွင် ထိခိုက်မှုများနှင့် ကြုံတွေ့ရလျက် ရှိကြောင်း သိရသည်။

ယင်းအခြေအနေက အထည်ချုပ်လုပ်ငန်း အများအပြားအတွက် ကြီးမားလှသည့် ဆုံးရှုံးမှု ဖြစ်လာစေနိုင်ပြီး လက်ရှိအခြေအနေကြောင့် လုပ်ငန်းတွင်း အလုပ်သမား ၅၀,၀၀၀ ခန့်အထိ အလုပ်မရှိ၍ ခွင့်ယူရမည့်ကိန်း ဆိုက်သွားနိုင်သည်ဟု လုပ်ငန်းတွင်း ဦးဆောင်သူလုပ်ငန်းတစ်ခုဖြစ်သည့် Vinatex က ခန့်မှန်းသွားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၏ ဆိုးကျိုးသက်ရောက်မှုများ ဆက်ရှိနေပါက လုပ်ငန်းအများအပြား ဖျက်သိမ်းသွားရနိုင်သည်ဟုလည်း သိရသည်။ ယင်းအခြေအနေက ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးအပေါ် ခြိမ်းခြောက်လျက် ရှိသလို Zara နှင့် H&M တို့ကဲ့သို့ လုပ်ငန်းကြီးများကို ထောက်ပံ့ဖြည့်ဆည်းပေးထားသော ကမ္ဘာ့ထုတ်လုပ်မှုလမ်းကြောင်း (global supply chain) ကိုလည်း ခြိမ်းခြောက်နေသည်ဟု သိရသည်။

“လက်ရှိအခြေအနေအတိုင်းသာဆိုရင် အလုပ်အကိုင် ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအကြားလောက်ဟာ မေလမတိုင်ခင် ပျောက်ကွယ်သွားပါလိမ့်မယ်” ဟု Vinatex ၏ စီအီးအို Le Tien Truong က ပြောသွားသည်။

ယင်းကုမ္ပဏီသည် ဗီယက်နမ်တွင် စက်ရုံပေါင်း ၂၀၀ ခန့် ရှိနေပြီး လုပ်ငန်းအုပ်စုအတွင်း အလုပ်သမားပေါင်း ၁၀၀,၀၀၀ ကျော် ရှိနေသည်ဟု သိရသည်။

ကိုရိုနာဗိုင်းရပ်စ်သစ်၏ သက်ရောက်မှုက ဖေဖော်ဝါရီလတွင် ပထမဆုံးအကြိမ် စတင်ပေါ်ပေါက်ခဲ့ပြီး ယင်းအချိန်က တရုတ်အထည်များ ဝယ်ယူမှုပိုင်း ရပ်ဆိုင်းသွားခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် မတ်လတွင် ပုံမှန်အခြေအနေသို့ ပြန်လည်စတင် ရောက်ရှိလာခဲ့သော်လည်း ဒုတိယလှိုင်းတစ်ခုက အဆိုပါ အထည်အလိပ်လုပ်ငန်းကို တဖန် ပြန်လည်ရိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် ဝယ်ယူအားပေးသူ (consumer) အများအပြားတို့လည်း နေအိမ်တွင် နေထိုင်ရန် ညွန်ကြားခြင်း ခံထားရခြင်းနှင့်အတူ အမေရိကန်နှင့် ဥရောပဒေသတို့တွင် အဝတ်အထည် ဝယ်လိုအားပိုင်း ကျဆင်းထားခဲ့သည်။ အဝတ်အစား ရောင်းချသူများကလည်း ယခင် အော်ဒါများကို ဖျက်သိမ်းခဲ့ကြသလို အော်ဒါအသစ်မှာယူမှုများကိုလည်း ရပ်ဆိုင်းထားခဲ့ကြကြောင်း သိရသည်။

ဗီယက်နမ်တွင်လည်း ဟနွိုင်းကဲ့သို့ မြို့ကြီးများတွင် မလိုအပ်ဘဲ ခရီးသွားလာခြင်းများအပေါ် တားမြစ်ထားသည်။ စက်ရုံများကို ဆက်ဖွင့်ခွင့်ပြုထားဆဲဖြစ်သော်လည်း အော်ဒါများ ဝင်မလာတော့ဘဲ ဖြစ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly