ဘင်္ဂလားဒေ့ရှ်တွင် လော့ခ်ဒေါင်းအမိန့်ကို ဖီဆန်ပြီး အသုဘအခမ်းအနားတစ်ခု၌ လူတစ်သိန်းခန့် စုဝေးမှု ဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်တွင် လော့ခ်ဒေါင်းအမိန့်ကို ဖီဆန်ပြီး အသုဘအခမ်းအနားတစ်ခု၌ လူတစ်သိန်းခန့် စုဝေးမှု ဖြစ်ပွား

ဧပြီ ၂၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Brahmanbaria ခရိုင်တွင် ဧပြီ ၁၈ ရက်က လူပေါင်း တစ်သိန်းကျော်တို့သည် လော့ခ်ဒေါင်းအမိန့်ချမှတ်ထားမှုကို ဖီဆန်ပြီး အစ္စလမ္မစ်ပါတီ အဆင့်မြင့်ခေါင်းဆောင်တစ်ဦး၏ နာရေးအခမ်းအနားတစ်ခုသို့ စုဝေးတက်ရောက်ခဲ့ကြကြောင်း အာဏာပိုင်များက ပြောသည်။

အဆိုပါ အသုဘအခမ်းအနား၌ စုဝေးတက်ရောက်ခဲ့သည့် လူအုပ်၏ ခန့်မှန်းဦးရေပမာဏကို ဝန်ကြီးချုပ်၏ အထူးလက်ထောက် Shah Ali Farhad နှင့် Brahmanbaria ခရိုင်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Imtiaz Ahmed တို့က အတည်ပြုသွားခဲ့သည်။

အစ္စလမ္မစ်တရားဟောဆရာတစ်ဦးဖြစ်သည့် Maulana Zubayer Ahmad Ansari ၏ အသုဘအခမ်းအနားသည် နိုင်ငံတွင် ဝတ်ပြုဆုတောင်းပွဲများ၌ တစ်ကြိမ်လျင် လူငါးဦးထက် ပိုမစုဝေးရဆိုပြီး ထုတ်ပြန်ထားသည့် တားမြစ်ချက်ကို ချိုးဖောက်ရာ ရောက်ခဲ့သည်။

ထို့ပြင် အဆိုပါ အခမ်းအနားကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ်ပူပန်မှုများ မြင့်တက်လာစေခဲ့သည်။

ယင်းနေ့က Brahmanbaria ခရိုင်ရှိ လမ်းများပေါ်သို့ လူပေါင်းသိန်းချီ စုပြုံရောက်ရှိခဲ့ကြောင်း၊ အသုဘအခမ်းအနားသို့ တက်ရန် အနီးအနားဝန်းကျင်ဒေသများကနေ လမ်းလျှောက်လာခဲ့ကြခြင်းဖြစ်ေကြာင်း အစ္စလမ္မစ်ပါတီ၏ တွဲဘက် အထွေထွေအတွင်းရေးမှူး Mohammad Mamunul Haque က ပြောသည်။

ယင်းအချိန်က ရဲများသည်လည်း လူအုပ်စုကို မထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ရလဒ်အားဖြင့် တာဝန်ခံ အရာရှိနှင့် လက်ထောက်ရဲမှူး ဖြစ်သူတို့လည်း ယင်းအခမ်းအနားကနေ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ ယင်းကဲ့သို့ များပြားလှသည့် လူများ မည်ကဲ့သို့ စုဝေးနိုင်ခွင့် ရရှိခဲ့သလဲ ဆိုသည်ကို စုံစမ်းသိရှိနိုင်ရန် ကော်မတီတစ်ခု ဖွဲ့စည်းလုပ်ဆောင်နေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Sohel Rana က ပြောသွားသည်။

ဧပြီ ၁၉ ရက်အထိ ဘင်္ဂလားဒေ့ရှ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂,၄၅၆ ဦး နှင့် သေဆုံးသူ ၉၁ ဦး ရှိကြောင်း ဖော်ပြခဲ့သော်လည်း ဗိုင်းရပ်စ်စမ်းသပ်စစ်ဆေးမှု ကိရိယာများ လိုအပ်ချက်ရှိနေခြင်းကြောင့် အမှန်တကယ်ကိန်းဂဏန်းများသည် ပိုမို မြင့်တက်ဖွယ် ရှိနေကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly