ကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ်နှင့် ကူးစက်ပျံ့နှံ့မှုအပေါ် နိုင်ငံတကာက စုံစမ်းစစ်ဆေးရန် သြစတြေးလျ တောင်းဆို

ကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ်နှင့် ကူးစက်ပျံ့နှံ့မှုအပေါ် နိုင်ငံတကာက စုံစမ်းစစ်ဆေးရန် သြစတြေးလျ တောင်းဆို

ဧပြီ ၂၀

ကိုရိုနာဗိုင်းရပ်စ် စတင်ပေါ်ထွက်ရာ မူလဇာစ်မြစ်နှင့် ယင်းဗိုင်းရပ်စ် မည်သို့မည်ပုံ ပျံ့နှံ့ခဲ့သည် ဆိုသည်နှင့်ပတ်သက်၍ နိုင်ငံတကာက စုံစမ်းဖော်ထုတ်ရေး သြစတြေးလျအစိုးရက ဧပြီ ၁၉ ရက်တွင် တောင်းဆိုလိုက်သည်။ ကိုရိုနာဗိုင်းရပ်စ်သစ် အပေါ် ကိုင်တွယ်ဆောင်ရွက်ပုံနှင့်ပတ်သက်၍ သြစတြေးလျက တရုတ်အပေါ် တိုးမြှင့်ဖိအားပေးလိုက်ခြင်း ဖြစ်ပြီး ပေကျင်းအစိုးရ၏ ပွင့်လင်းမြင်သာမှုပိုင်းနှင့်ပတ်သက်၍လည်း မေးခွန်းထုတ်သွား ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်သည် ယမန်နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ရှိ တောရိုင်းတိရစ္ဆာန် ရောင်းချသည့် စျေးတစ်စျေးမှ စတင်ပေါ်ထွက်ခဲ့သည်ဟု ယုံကြည်ရသည်။ ယင်းနောက်ပိုင်း အဆိုပါဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်း ဆက်လက်ကူးစက်ပျံ့နှံ့ခဲ့ကာ လူပေါင်း ၂ ဒသမ ၃ သန်းခန့် ကူးစက်ခံခဲ့ရပြီး သေဆုံးသူ ၁၆၀,၀၀၀ နီးပါး ရှိခဲ့ကြောင်း ရိုက်တာ၏ တွက်ချက်မှုများအရ သိရသည်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne က တရုတ်၏ ပွင့်လင်းမြင်သာမှုနှင့်ပတ်သက်၍ သူမ၏ စိုးရိမ်ပူပန်မှုအတိုင်းအတာသည် အလွန်ပင် ကြီးမားနေသည်ဟု ပြောသွားခဲ့သည်။

“ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေက လွတ်လပ်စွာ စစ်ဆေးသုံးသပ်ရမယ့် ကိစ္စရပ်တွေဖြစ်ပါတယ်၊ ကျွန်မတို့ အဲဒီလို လုပ်သွားဖို့ အင်မတန် အရေးကြီးတယ်လို့လည်း ကျွန်မ ထင်ပါတယ်” ဟု Payne က ABC TV ကို ပြောသည်။

“အမှန်တကယ်ဆိုရင် သြစတြေးလျအနေနဲ့ အဲဒီလို စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ အခိုင်အမာ တောင်းဆိုပါမယ်” ဟု ၎င်းက ပြောသွားသည်။

သြစတြေးလျအနေဖြင့် ယင်း၏ အများပြည်သူဆိုင်ရာ ကျန်းမာရေးစနစ်အပေါ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖိစီးမှုများ မဖြစ်ခင် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်မှုအောက်တွင် ရှိစေရန် စီမံထားခဲ့သည်။ ဧပြီ ၁၉ ရက်တွင် ဗိုင်းရပ်စ် ကူးစက်မှုအသစ် ၅၃ ခု တွေ့ရှိကြောင်းနှင့် စုစုပေါင်း ကူးစက်မှုဖြစ်စဉ် ၆,၅၈၆ ခု ရှိနေကြောင်း သြစတြေးလျ ကျန်းမာရေးဝန်ကြီးဌာန ဒေတာအချက်အလက်များအရ သိရသည်။

ထို့ပြင် သြစတြေးလျတွင် ဗိုင်းရပ်စ်ကြောင့် လူ ၇၁ ဦး သေဆုံးခဲ့သည်။ ဖြစ်စဉ်သစ် တွေ့ရှိမှုပိုင်း မြင့်တက်မှုနှုန်းသည် ခုနစ်ရက်ဆက်တိုက် ၁ ရာခိုင်နှုန်းအောက်တွင်သာ ရှိနေခဲ့ပြီး အခြားနိုင်ငံအများအပြားနှင့်ယှဉ်ပါက အတော်ပင် နည်းပါးနေသည်။

သြစတြေးလျနှင့် ယင်း၏ အရေးအကြီးဆုံးသော ကုန်သွယ်ဘက်ပါတနာ တရုတ်အကြား ဆက်ဆံရေး တင်းမာလာသည့်အချိန်ကာလတွင် ယခုကဲ့သို့ ဗိုင်းရပ်စ် ဖြစ်ပွားမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ရန် Payne က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးတွင် တရုတ်တို့ ဝင်စွက်ဖက်နေကြောင်း သြစတြေးလျက စွပ်စွဲခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားလာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ပစိဖိတ်ဒေသတွင်  တရုတ်တို့ ကြီးကြီးမားမား လွန်လွန်ကဲကဲ သြဇာလွှမ်းမိုးလာနေသည်ဟု သြစတြေးလျတို့ဘက်က ရှုမြင်ကာ စိုးရိမ်ပူပန်မှုများလည်း ရှိနေခဲ့သည်။

“တရုတ်အပေါ် ကျွန်မရဲ့ ယုံကြည်မှုကတော့ ရေရှည်ကာလမှာ အခြေခံပါတယ်၊ သူတို့ရဲ့ ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်လို့ ကျွန်မ စိုးရိမ်မိပါတယ်၊ ကျွန်မတို့ ပွင့်ပွင့်လင်းလင်း ချိတ်ဆက်လုပ်ဆောင်သွားနိုင်ဖို့ ဆန္ဒရှိပါတယ်” ဟု Payne က ပြောသွားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဘက်က တရုတ်အပေါ် ဝေဖန်မှုများ တိုးမြှင့်လုပ်ဆောင်လာလျက်ရှိချိန် ယခုကဲ့သို့ ဗိုင်းရပ်စ်ဖြစ်ပွားမှုနှင့်ပတ်သက်၍ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုလုပ်ရန် သြစတြေးလျ၏ တောင်းဆိုမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားခဲ့ပြီးနောက် တရုတ်တို့ ပွင့်လင်းမြင်သာမှု မရှိခဲ့ကြောင်း ထရမ့်နှင့် ၎င်း၏ အကြီးတန်းလက်ထောက်များက စွပ်စွဲထားသည်။ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအတွက် တာဝန်ရှိပါက တရုတ်တို့ နောက်ဆက်တွဲအကျိုးဆက်များ ခံစားရသင့်သည်ဟု ထရမ့်က ပြောထားသည်။

အလားတူ ဝေဖန်ချက်များအပေါ် တရုတ်တို့ဘက်က ပယ်ချခဲ့ပြီး ၎င်းတို့နိုင်ငံအနေဖြင့် ဗိုင်းရပ်စ် ကူးစက်မှုနှင့်ပတ်သက်၍ ပွင့့်ပွင့်လင်းလင်း ရှိခဲ့ကြောင်း၊ ယင်းနှင့်ပတ်သက်၍ ကမ္ဘာကို သတိပေးခဲ့ကြောင်း ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly