ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက် အမေရိကန်ရှေ့နေများ တရုတ်ကို တရားစွဲ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက် အမေရိကန်ရှေ့နေများ တရုတ်ကို တရားစွဲ

ဧပြီ ၂၀

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုများအတွက် လျော်ကြေး ဒေါ်လာ ထရီလီယံများစွာ ရလိုမှုဖြင့် အမေရိကန်ရှေ့နေများက တရုတ်ကို တရားစွဲဆိုလိုက်ကြောင်း သိရသည်။ ထို့ပြင် တရုတ်ကွန်မြူနစ်ခေါင်းဆောင်များသည် ဗိုင်းရပ်စ်ကို ကူးစက်ဖြစ်ပွားစေခဲ့ပြီး တာဝန်ပေါ့လျော့ခဲ့ကြောင်း၊ ယင်းနောက် ယင်းဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ဖုံးဖိကွယ်ခဲ့ကြောင်း အမေရိကန်ရှေ့နေများက စွပ်စွဲသွားသည်။

ဗြိတိန်နှင့်အမေရိကန်အပါအဝင် နိုင်ငံ ၄၀ ခန့်မှ လျှောက်ထားတောင်းဆိုသူပေါင်း ထောင်ပေါင်းများစွာတို့ ပါဝင်သည့် အဆိုပါ စုပေါင်းတရားစွဲမှု (class action) ကို ပြီးခဲ့သည့်လက ဖလော်ရီဒါတွင် အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်။

အလားတူ ယခုလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုအမှုထမ်းများကိုယ်စား တိုင်တန်းစွဲဆိုခဲ့သည့် ဒုတိယမြောက် တရားစွဲဆိုမှုတွင်လည်း တရုတ်တို့သည် အသက်ကယ် ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို သိမ်းဆည်းသိုလှောင်ထားကြောင်း စွပ်စွဲထားသည်။

အဆိုပါ တရားဥပဒေကြောင်းအရ စိန်ခေါ်စွဲဆိုမှုများကြောင့် တရုတ်နိုင်ငံ၏ လုပ်ရပ်များအတွက် အပြည့်အဝ ဖြေရှင်းပေးရန်အတွက် သမ္မတရှီကျင့်ဖျင်အပေါ် ဖိအားများ တိုးမြှင့်စေခဲ့ပြီဖြစ်သည်။

ထို့ပြင် အကြမ်းဖက်မှုအတွက် နိုင်ငံများကို တရားစွဲဆိုရာတွင် အထူးကျွမ်းကျင်သည့် အစ္စရေးလူ့အခွင့်အရေး ရှေ့နေများအဖွဲ့တစ်ခုကလည်း ယခုကဲ့သို့ ဥပဒေဆိုင်ရာ စွဲဆိုမှုများအတိုင်း လိုက်လံလုပ်ဆောင်သွားရန်လည်း  ရှိနေသည်။

တချိန်တည်းမှာပင် ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် မည်သို့မည်ပုံ ပေါ်ပေါက်ခဲ့ပြီး ကမ္ဘာတဝန်းကို အလျင်အမြန် ပျံ့နှံ့စေခဲ့သလဲ ဆိုသည်နှင့်ပတ်သက်၍ ဖော်ထုတ်သိရှိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် ကုလသမဂ္ဂကိုလည်း တောင်းဆိုမှုများ ရှိနေသည်။

ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်း ပြီးသွားပါက တရုတ်နှင့်အကြား စီးပွားရေးလုပ်ငန်းများကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်တော့မည်မဟုတ်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမိနစ် ရာ့ဘ်က ပြီးခဲ့သည့်အပတ်က သတိပေးထားခဲ့သေးသည်။

တရုတ်တို့သည် အချက်အလက်ဒေတာများကို ဖုံးဖိခဲ့ပြီး ကပ်ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ကြိုတင်သတိပေးရန် ကြိုးပမ်းခဲ့သည့် ဆရာဝန်များကို ရေငုံနှုတ်ပိတ်စေခဲ့သည်ဆိုသည့် စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရသည်။

ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ်သည် တရုတ်တို့ ပထမဆုံး ပြောဆိုထားခဲ့သကဲ့သို့ တိရစ္ဆာန်အရှင်များ ရောင်းသည့် စျေးတစ်ခုကနေ လာသည်ဆိုသည်မှာ အမှန်တကယ်ဖြစ်သလား သို့မဟုတ် ယင်းသည် ဝူဟန်ဓာတ်ခွဲခန်းတစ်ခုက သုတေသနပြုလုပ်ချက်များနှင့် ဆက်နွယ်နေသလား ဆိုသည်ကို အခိုင်အမာ ထုတ်ဖော်သိရှိနိုင်ခြင်း မရှိပေ။

အမေရိကန်တို့၏ တရားစွဲဆိုမှုကို မီယာမီ အခြေစိုက် Berman Law Group က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“တရုတ်ခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံရပါလိမ့်မယ်၊ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အမှန်တရားကို ဖော်ထုတ်ဖို့ပါပဲ” ဟု မဟာဗျူဟာ အရာရှိချုပ် Jeremy Alters က ပြောသွားခဲ့သည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်က အပြစ်အနာအဆာရှိ ဆောက်လုပ်ရေးပစ္စည်းများ ထုတ်လုပ်မှုအတွက် တရုတ်ဆီကနေ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံရလိုမှုဖြင့်တရားစွဲခဲ့ရာတွင် အဆိုပါ ကုမ္ပဏီဘက်က အနိုင်ရခဲ့သည့် ဖြစ်စဉ်တစ်ရပ် ရှိထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly