အင်ဒိုနီးရှား တရားမဝင်ရွှေတွင်း မြေပြိုမှုဖြစ် လူ ၉ ဦး သေဆုံး

အင်ဒိုနီးရှား တရားမဝင်ရွှေတွင်း မြေပြိုမှုဖြစ် လူ ၉ ဦး သေဆုံး

ဧပြီ ၂၀

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းက တရားမဝင် ရွှေတူးဖော်ရေးမိုင်းတွင်းတစ်တွင်းမှာ မြေပြိုမှုဖြစ်ပြီး လူ ကိုးဦး သေဆုံးကြောင်း တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

အနောက်ဆူမတြားပြည်နယ် ဆောက်ဆိုလော့အရပ်မှာ စနေနေ့က လူ ၁၂ ဦးပါ အုပ်စုတစ်စုဟာ စွန့်ပစ်မိုင်းတွင်းတစ်တွင်းမှာ ရွှေတူးကြချိန်မှာ ယင်း မတော်တဆမှု ဖြစ်ပွားတာဖြစ်ပါတယ်။

ဖြစ်ပွားရာအရပ်ဟာ ကိုလိုနီခေတ်က စွန့်ပစ်မိုင်းတွင်းတွေ အတော်အတန် ရှိနေရာ အရပ်ပဲ ဖြစ်ပါတယ်။

“အမျိုးသား ရှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ ရွှေတူးနေကြချိန် မြေပြိုပြီး မြေပိ သေဆုံးကြတာပါ။ ဒီကနေ့ နံနက်အစောပိုင်းမှာပဲ သူတို့ရဲ့ ရုပ်အလောင်းတွေကို သယ်ထုတ်နိုင်ခဲ့ပါတယ်။”လို့ ခရိုင်ပြောခွင့်ရသူ ဖာဒါရပ်စ်ဖား မန်းက အေအက်ဖ်ပီကို ပြောပါတယ်။

၎င်းတို့ ရှစ်ဦးဟာ မိုင်းတွင်းထဲကနေ မထွက်လာနိုင်ဖြစ်တော့မှာ စောင့်ကြည့်နေတဲ့ လူသုံးဦးက အဖြစ်အပျက်ကို ဌာနေတာဝန်ရှိသူတွေဆီ အကြောင်းကြားလာတာ ဖြစ်ပါတယ်။

သေဆုံးသူတွေဟာ ရွှေတွင်းတူးဖော်ရာမှာ သင့်တော်တဲ့ ပစ္စည်းပစ္စယတွေနဲ့ အကာအကွယ် ပစ္စည်းတွေ မရှိဘဲ လာတူးကြတဲ့ ဌာနေတောင်သူလယ်သမားတွေဖြစ်ကြောင်း သိရပါတယ်။

မိုင်းတွင်းရှိရာ အရပ်နဲ့ မိုးရွာနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အခက်တွေ့ခဲ့ရပါတယ်။

“သေဆုံးသူအားလုံးကို ရှာဖွေတွေ့ရှိပြီး ဖြစ်တယ်။ အခု မတော်တဆမှုမှာ ပျောက်ဆုံးသူ တစ်ဦးတစ်ယောက်မှ မရှိပါ။”လို့ ဖားမန်းက ပြောရင်း ရဲနဲ့ သဘာဝဘေးစီမံမှုအေဂျင်စီတို့က စုံစမ်းစစ်ဆေးလျက် ရှိတယ်လို့ ထပ်လောင်းပြောပါတယ်။

တွင်းထွက်သတ္ထူ ပေါကြွယ်ဝတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ တရားမဝင် လိုင်စင်မဲ့ မိုင်းတွင်းတွေ အနှံ့အပြား ရှိနေပြီး ခုလိုမျိုး မတော်တဆမှုတွေ ရံဖန်ရံခါဆိုသလို ဖြစ်ပွားပေါ်ပေါက်လေ့ ရှိပါတယ်။

၂၀၁၉ ခုနှစ် အစောပိုင်းကလည်း မြောက်ပိုင်းဆူလာဝေစီပြည်နယ်မှာ မိုင်းတွင်းတစ်တွင်း ပြိုကျတာကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required