စင်ကာပူသည် အရှေ့တောင်အာရှဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်လာ

စင်ကာပူသည် အရှေ့တောင်အာရှဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်လာ
Photo: AFP

ဧပြီ ၁၉

အင်ဒိုနီးရှားကို ကျော်တက်ပြီး စင်ကာပူက ယခုအခါ အရှေ့တောင်အာရှဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်လာခဲ့ပြီဟု သိရသည်။

စင်ကာပူတွင် လုပ်ခနည်းပြည်ပလုပ်သားများအကြား ဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ရာပေါင်းများစွာကို ထပ်မံတွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ ဒေသတွင်း၌ ကူးစက်မှုနှုန်း အများဆုံးနိုင်ငံ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

စင်ကာပူတွင် ဧပြီ ၁၉ ရက်နေ့လည်အထိ နောက်ထပ် ကူးစက်မှုဖြစ်စဉ်အသစ် ၅၉၆ ခု ထပ်မံတွေ့ရှိခဲ့သည့်အတွက် နိုင်ငံတွင် စုစုပေါင်းကူးစက်ခံထားရသူအရေအတွက်သည် ၆,၅၅၈ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။

အသစ်တွေ့ရှိသည့် ကူးစက်ခံရသူ ၅၉၆ ဦးအနက် ၂၅ ဦးကသာလျင် စင်ကာပူနိုင်ငံသားများ သို့မဟုတ် အမြဲတမ်းနေထိုင်သူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မတ်လကုန်နောက်ပိုင်း အဆိုပါအရှေ့တောင်အာရှနိုင်ငံတွင် ပြည်တွင်းကူးစက်မှုပိုင်း မြင့်တက်ထားခဲ့ပြီး အဓိကအားဖြင့် လူပြည့်သိပ်နေသည့် အဆောင်များတွင် နေထိုင်သည့် ပြည်ပလုပ်သားများကို ထိခိုက်ထားစေခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးအလို့ငှာ နိုင်ငံတွင်းသို့ ဝင်ရောက်မှုဆိုင်ရာ စည်းမျဉ်းများ တင်းကျပ်ခြင်း၊ နှာခေါင်းစည်းများကို မဖြစ်မနေ တပ်စေခြင်း၊ နိုင်ငံစီးပွားရေးတွင် ဒေါ်လာဘီလီယံများစွာ ထည့်ဝင်ခြင်းနှင့် သီတင်းပတ်များစွာကြာ တစိတ်တဒေသ လော့ခ်ဒေါင်းချမှတ်ခြင်းတို့ကို အစိုးရက လုပ်ဆောင်ခဲ့သည်။

ယခုကဲ့သို့ ကူးစက်သူအရေအတွက် ထပ်တိုးလာခဲ့ခြင်းနှင့်အတူ စင်ကာပူသည် အင်ဒိုနီးရှားကို ကျော်တက်ကာ ဒေသတွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။

ယင်း၏နောက်တွင် အင်ဒိုနီးရှား၌ စုစုပေါင်းကူးစက်ခံထားရသူ ၆,၂၄၈ ဦးနှင့် ဖိလစ်ပိုင်၌ ကူးစက်ခံထားရသူ ၆,၀၈၇ ဦးတို့စီ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly