COVID-19 ကပ်ရောဂါဖြစ်ပွားမှုအတွက် တရုတ်တို့ နောက်ဆက်တွဲအကျိုးဆက်များနှင့် ရင်ဆိုင်ရနိုင်ဟု ဒေါ်နယ်ထရမ့် သတိပေး

COVID-19 ကပ်ရောဂါဖြစ်ပွားမှုအတွက် တရုတ်တို့ နောက်ဆက်တွဲအကျိုးဆက်များနှင့် ရင်ဆိုင်ရနိုင်ဟု ဒေါ်နယ်ထရမ့် သတိပေး

ဧပြီ ၁၉

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကူးစက်ဖြစ်ပွားမှုအတွက် တရုတ်တို့တွင်သာ အမှန်တကယ် တာဝန်ရှိပါက ယင်းနိုင်ငံအနေဖြင့် နောက်ဆက်တွဲအကျိုးဆက်များနှင့် ရင်ဆိုင်သွားရနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၁၈ ရက်တွင် သတိပေးသွားခဲ့သည်။

“ဒီဗိုင်းရပ်စ် ကူးစက်မှု စမဖြစ်ခင်ကတည်းက တရုတ်မှာ ဒါကို တားဆီးနိုင်ခဲ့သင့်ပါတယ်၊ ဒါပေမယ့် ဒီလိုမလုပ်နိုင်ခဲ့ပါဘူး၊ ခုကျတော့ တကမ္ဘာလုံး ထိခိုက်ခံစားနေရပါပြီ” ဟု ထရမ့်က အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်များကို ပြောသွားခဲ့သည်။

ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့ပြီး ယခုအခါ ကမ္ဘာတဝန်း လူပေါင်း ၁၅၇,၀၀၀ ကျော် သေဆုံးစေခဲ့ပြီဖြစ်သော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုနှင့်ပတ်သက်၍ တရုတ်တို့အနေဖြင့် အကျိုးဆက်များနှင့် ရင်ဆိုင်ရသင့်သလား ဆိုပြီး သတင်းထောက်များက ထရမ့်ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“ သူတို့မှာ တာဝန်ရှိတယ်ဆိုရင်၊ နောက်ပြီး သူတို့မှာ တာဝန်ရှိတယ်ဆိုတာကို သူတို့ကိုယ်တိုင် သိနေခဲ့တယ်ဆိုရင်တော့ သေချာပေါက် သူတို့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်” ဟု ထရမ့်က ပြောသည်။ “တကယ်လို့ ဒါက အမှားတစ်ခုဆိုရင်တော့ အမှားက အမှားပဲပေါ့” ဟုလည်း ၎င်းက ပြောသွားသည်။

“ဒါပေမယ့် သူတို့မှာ တာဝန်ရှိတယ်ဆိုရင်တော့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရသင့်ပါတယ်” ဟု ထရမ့်က ပြောသည်။

“ အဲဒါက ထိန်းချုပ်လို့ မရခဲ့တဲ့ အမှားတစ်ခုပဲလား ဒါမှမဟုတ် ဒါကို တမင်သက်သက် လုပ်ခဲ့တာများလား” ဟုလည်း ထရမ့်က မေးခွန်းထုတ်ခဲ့သည်။ “ ဒီနှစ်ခုအကြားမှာ ကြီးမားတဲ့ ခြားနားမှုတစ်ခု ရှိပါတယ်” ဟုလည်း ၎င်းက ပြောသည်။

“တစ်ခု ပြောရရင် သူတို့အနေနဲ့ ကျွန်တော်တို့ကို သူတို့နိုင်ငံထဲ ဝင်ခွင့်ပြုခဲ့သင့်ပါတယ်၊ အစောကြီးကတည်းက နိုင်ငံထဲဝင်ဖို့ ကျွန်တော်တို့ တောင်းဆိုခဲ့တယ်၊ ဒါပေမယ့် သူတို့က ကျွန်တော်တို့ ဝင်လာမှာကို မလိုလားခဲ့ပါဘူး၊ ကျွန်တော်ထင်ပါတယ်၊ အဲဒါက မကောင်းတာ တစ်ခုခု ဆိုတာက သူတို့ သိနေခဲ့ပြီး အဲဒီအတွက် သူတို့ ကသိကအောက် ဖြစ်နေခဲ့ပါလိမ့်မယ်” ဟု ထရမ့်က ပြောသွားခဲ့သည်။

“ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်နေတယ်လို့တော့ သူတို့ ပြောတာပဲ၊ သူတို့စုံစမ်းစစ်ဆေးမှုတွေကနေ ဘာတွေထွက်လာမလဲ စောင့်ကြည့်တာပေါ့၊ ဒါပေမယ့် ကျွန်တော်တို့ဘက်ကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်”  ဟု သမ္မတထရမ့်က ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်သစ်သည် လင်းနို့များကို သုတေသနလုပ်နေသည့် ဝူဟန်ဓာတ်ခွဲခန်းတစ်ခုကနေ မတော်တဆ ပျံ့နှံ့လာခဲ့သည် ဆိုသည်အယူအဆကိုလည်း ပယ်ချမထားဘဲ ထည့်သွင်းစဉ်းစားနေကြောင်း ထရမ့်အစိုးရက ပြောထားသည်။

ဗိုင်းရပ်စ်ကို အမေရိကန်စစ်တပ်က တရုတ်နိုင်ငံထဲ သယ်လာခဲ့သည်ဆိုပြီး ကနဦးပိုင်းက စွပ်စွဲပြောဆိုခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းကမူ ယခုကိစ္စနှင့်ပတ်သက်၍ အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြချက်များကို ပယ်ချထားပြီး သိပ္ပံဆိုင်ရာ အခြေခံအကြောင်းရင်းမျိုး ရှိမနေဟု ပြောခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ တစ်သိန်းလျင် သေဆုံးမှုနှုန်း ၀ ဒသမ ၃၃ မျှသာ ရှိခဲ့သည်ဆိုသည့် တရုတ်အစိုးရ၏ တရားဝင်ကိန်းဂဏန်းများကိုလည်း ထရမ့်က သံသယဖြစ်နေသည်။

“ဒီကိန်းဂဏန်းတွေက မဖြစ်နိုင်ပါဘူး” ဟု ၎င်းက ပြောသွားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြသသွားသည့် ဇယားတစ်ခုအရ အမေရိကန်တွင် လူတစ်သိန်းလျင် သေဆုံးမှုနှုန်း ၁၁ ဒသမ ၂၄ ရှိပြီး ပြင်သစ်တွင် ၂၇ ဒသမ ၉၂ နှင့် စပိန်တွင် ၄၂ ဒသမ ၈၁ နှုန်း ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly