ဟောင်ကောင် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများ ဖမ်းဆီးခံရမှု အမေရိကန် ပြစ်တင်ရှုတ်ချ

ဟောင်ကောင် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများ ဖမ်းဆီးခံရမှု အမေရိကန် ပြစ်တင်ရှုတ်ချ

ဧပြီ ၁၉

ဝါရင့်နိုင်ငံရေးသမားများ၊ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းရှင်သူဌေးကြီးတစ်ဦးနှင့် အကြီးတန်းဝတ်လုံတော်ရရှေ့နေများအပါအဝင် ဟောင်ကောင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၁၅ ဦး ဖမ်းဆီးခံလိုက်ရမှုအပေါ် သမ္မတ ဒေါ်နယ်ထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရက ဧပြီ ၁၈ ရက်တွင် ပြစ်တင်ရှုတ်ချသွားခဲ့သည်။

ယခု ဖမ်းဆီးမှုများသည် ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင်တွင် ယမန်နှစ် ဇွန်လက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ စတင်ခဲ့ပြီးနောက်ပိုင်း ဒီမိုကရေစီလိုလားသည့် လှုပ်ရှားမှုအပေါ် အကြီးမားဆုံးသော ဖြိုခွင်းမှုတစ်ခုလည်း ဖြစ်လာခဲ့သည်။

“ဟောင်ကောင်မှာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ဖမ်းဆီးတဲ့အပေါ် အမေရိကန်အစိုးရဘက်က ပြစ်တင်ရှုတ်ချပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုးက ပြောသည်။

“ပွင့်လင်းမြင်သာမှု၊ တရားဥပဒေစိုးမိုးမှုနဲ့အတူ ဟောင်ကောင်မှာ အတိုင်းအတာမြင့်မားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တစ်ခု ဆက်လက်ခံစားနိုင်မယ်ဆိုတဲ့ အာမခံချက်တို့ ပါဝင်တဲ့ တရုတ်-ဗြိတိန် ပူးတွဲကြေညာချက်ပါ ကတိကဝတ်တွေနဲ့ မညီညွတ်တဲ့ လုပ်ရပ်တွေကို ပေကျင်းအစိုးရနဲ့ ဟောင်ကောင်မှာ ရှိတဲ့ ယင်းရဲ့ ကိုယ်စားလှယ်တွေ ဆက်လုပ်နေကြပါတယ်” ဟု ပွန်ပဲယိုးက ပြောသွားခဲ့သည်။

ထို့ပြင် ဟောင်ကောင်ရှိ ဆန္ဒပြသူတွေကို အားပေးထောက်ခံသည့် ဥပဒေတစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နှစ်နိုဝင်ဘာက လက်မှတ်ရေးထိုးအတည်ပြုခဲ့ပြီး ယင်းအပေါ် ပေကျင်းဘက်က ဒေသတကြီး ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ဥပဒေအရ ဟောင်ကောင်တွင် လုံလောက်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အနေအထားကို ဆက်လက်ထိန်းသိမ်းထားနိုင်သလား ဆိုသည်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အနည်းဆုံး တစ်နှစ်တစ်ကြိမ် အတည်ပြုထောက်ခံရမည်ဖြစ်သည်။ ထို့ပြင် ယင်းဥပဒေအရ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ်လည်း ဆန်ရှင်များ ချမှတ်နိုင်ကြောင်း ခြိမ်းခြောက်ထားသည်။

တချိန်တည်းမှာပင် ယခုကဲ့သို့ ဖမ်းဆီးမှုများသည် ဟောင်ကောင်၏ တရားဥပဒေစိုးမိုးမှုနှင့် ဟောင်ကောင်ပြည်သူတို့၏လွတ်လပ်ခွင့်အပေါ် စော်ကားလိုက်ခြင်း ဖြစ်ကြောင်း အမေရိကန်ရှေ့နေချုပ် ဝီလျံဘားကလည်း သီးခြားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်သွားခဲ့သည်။

တရားမဝင် စုဝေးမှု စွဲချက်များဖြင့် ယခု ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသူများထဲတွင် ဒီမိုကရက်တစ်ပါတီ တည်ထောင်သူ မာတင် လီ၊ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းရှင် ဂျင်မီလိုင် နှင့် ဥပဒေပြုအမတ်ဟောင်းနှင့် ဝတ်လုံတော်ရရှေ့နေ မာဂရက် ငေါင်တို့ ပါဝင်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required