အမေရိကန်၌ အပြင်မထွက်ရအမိန့် အဆုံးသတ်ပေးရေး ပြည်သူများဆန္ဒပြ

အမေရိကန်၌ အပြင်မထွက်ရအမိန့် အဆုံးသတ်ပေးရေး ပြည်သူများဆန္ဒပြ

ဧပြီ ၁၉

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကပ်ရောဂါကာလအတွင်း စီးပွားရေးများကျဆင်းလျက်ရှိပြီး  သမ္မတဒေါ်နယ်ထရမ့်ကလည်း ကိုရိုနာဗိုင်းရပ်စ်တားဆီးရေး အတွက် ကန့်သတ်မိန့်တွေ ဆက်လက်ထားရှိထားတာကြောင့်  နိုင်ငံအဝှမ်းက ရာပေါင်းများစွာသောပြည်သူတွေဟာ အပြင်မထွက်ရအမိန့် အဆုံးသတ်ပေးဖို့ စနေနေ့က လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

နယူးဟမ်ရှိုင်းယားပြည်နယ် Concord မြို့ မှာ ဆန္ဒပြသူ ၄၀၀ ခန့်က ရောဂါကူးစက်ခံရမှုနည်းတဲ့ပြည်နယ်တွေမှာ ကန့်သတ်စောင့်ကြည့်တဲ့ရက်တွေတိုးဖို့ မလိုအပ်ဘူးဆိုတဲ့အကြောင်း သတင်းစကားပါးချင်တဲ့အတွက် အေးနေတဲ့မိုးရေအောက်မှာ စုဝေးခဲ့ကြတာဖြစ်ပါတယ်။

တက္ကဆက်ပြည်နယ်မှာလည်း အော်စတင်မြို့ ပါလီမန်အဆောက်အအုံအပြင်ဘက်မှာ Infowars ဝက်ဘ်ဆိုက်တည်ထောင်သူ Alex Jones အပါအဝင် လူ ၂၅၀ ထက်မနည်း စုဝေးခဲ့ကြပြီး အစိုးရရဲ့ lockdown စည်းကမ်းတွေကို ဆန္ဒပြခဲ့ကြပါတယ်။

“တက်ကြွလှုပ်ရှားသူတစ်ဦးကလည်း တက္ကဆက်အတွက် အခွင့်အလမ်းတွေ ပြန်ဖွင့်ပေးဖို့လိုပါပြီ၊ လူတွေလည်း အလုပ်လုပ်ချိန်တန်ပါပြီ၊ အစိုးရရဲ့ ဖိအားနဲ့မဟုတ်ဘဲ တစ်နေ့တာကို ကိုယ့်ဘာသာ စီမံခွင့်ပေးသင့်ပါပြီ” လို့ပြောပါတယ်။  

မေရီလန်းပြည်နယ် Annapolis မြို့က ကိုလိုနီခေတ် ပါလီမန်အဆောက်အအုံပြင်ပမှာလည်း ဆန္ဒပြသူတွေက ဆင်းရဲမွဲတေမှုကလည်း လူကိုသေစေနိုင်တယ် ဆိုတဲ့သတင်းစကားနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

လူဦးရေ ၁.၃ သန်းခန့်ရှိတဲ့ နယူးဟမ်ရှိုင်းယားပြည်နယ်က ဆန္ဒပြသူတွေက သူတို့ပြည်နယ်အတွက်  အပြင်မထွက်ရအမိန့်ကို သတ်မှတ်ထားတဲ့ မေလ ၄ ရက်မတိုင်ခင် ဖျက်သိမ်းပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဒီနေ့အချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၉ ၀၁၅ ဦးနဲ့ ရောဂါကူးစက်ခံရသူ ၇၃၈ ၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly