ပန်းဘဲတန်းမြို့နယ်ကိုလည်း အပြင်လူအဝင်အထွက်ကန့်သတ်

ဧပြီ ၁၈

COVID-19 ပိုးတွေ့လူနာ ငါးဦးအထိရှိပြီး သေဆုံး သူတစ်ဦးရှိခဲ့သည့်ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်တွင် semi-lockdown ချမှတ်ခြင်းကို တနင်္ဂနွေနေ့မှစ၍ ကန့်သတ်လိုက်ပြီဖြစ်ကြောင်း အုပ်ချုပ်ရေးတာဝန်ရှိသူများထံမှ သိရသည်။

ပန်းဘဲတန်းမြို့နယ် ၊အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး က" ဈေးနဲ့ပတ်သက်တဲ့လမ်းတွေကိုတော့မပိတ်ထားပါဦး။ ၂၅ လမ်းကိုလည်းပိတ်မထားပါဘူး။ ပြည်သူတွေဈေးဝယ်လို့ရအောင်တော့ဖွင့်ထားပါတယ်။ လူသွားလူလာနည်းအောင်လို့ ကန့်သတ်လိုက်တာပါ။ ရပ်ကွက်တစ်ခုနဲ့တစ်ခု အသွားအလာ မရှိအောင်လည်း လုပ်လိုက်တာပါ " ဟု မဇ္ဈိမသို့ ပြောသည်။

မြို့နယ်အတွင်းရှိ လမ်းသွယ်များအားပိတ်ပင်ကာ သတ်မှတ်ထားသောဧရိယာအတွင်း ရပ်ကွက်တွင်းနေထိုင်သူများအားစောင့်ကြည့်ရေးအဖွဲ့များ၏ခွင့်ပြုချက်ဖြင့် ဝင်ထွက်ခွင့်ပြုပေမယ့် တခြားမြို့နယ်များမှသူများကိုတော့ဝင်ထွက်ခွင့် ကန့်သတ်ပိတ်ပင်ထားခြင်းဖြစ်သည်။

"ကျနော်တို့မြို့နယ်အတွင်းသက်ရောက်မှုရှိတဲ့ ၂၅ လမ်းမှ ၃၂ လမ်းအထိ (ထက်/လယ်/အောက်)အားလုံးပါဝင်ပြီးဈေးလမ်းဖြစ်တဲ့ ၂၆လမ်းအထက်ဘလောက်တော့ semilockdownချတဲ့ အထဲမှာမပါဝင် ပါဘူး။ ပြီးတော့နာမည်တပ်လမ်းတွေဖြစ်တဲ့ ရွှေတိဂုံဘုရားလမ်း၊ကုန်ဈေးတန်းလမ်း၊ရွှေဘုံသာလမ်း၊ဗိုလ်ဆွန်ပက်လမ်းတို့လည်းမပါဝင်ပါဘူး။ semi-lockdownမိတဲ့လမ်းတွေထဲကို ပြင်ပကဘယ်သူ မှဝင်လို့မရသလို လမ်းထဲကလူတွေ အပြင်ထွက်ဈေးဝယ်၊ကျန်းမာရေးကိစ္စရှိလို့သွားလာမယ်ဆို လမ်းထိပ်တွေမှာ စောင့်ကြည့်ရေးဖွဲ့တွေကိုသတင်းပို့ပြီးမှ စနစ်တကျ သွားလာလို့ရမှာဖြစ်ပါတယ်။"ဟု ပန်းဘဲတန်းမြို့နယ်အမှတ်- ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဦးက လူမှုကွန်ယက်စာမျက်နှာတွင်ရေး သားထားသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဧပြီလ ၁၈ရက်နေ့ထုတ်ပြန်ချက်အရ COVID- 19ပိုးတွေ့သူ ၉၄ ဦးနှင့် သေဆုံးသူ ၅ ဦးရှိလာပြီဖြစ်သည်။သေဆုံးသူ ငါးဦးထဲတွင် ပန်းဘဲတန်းမြို့နယ်တွင်နေထိုင်သူ COVID-19 အတည်ပြုလူနာ အမှတ် ၃၉ ပါဝင်ခဲ့သည်။

အပြင်လူများကိုဝင်ထွက်ခွင့်မပြုသောနောက်တစ်မြို့နယ်မှာဗဟန်းဖြစ်သည်။ထို့အပြင်တောင်ဥက္ကလာပမြို့နယ်၊ဗဟန်းမြို့နယ်၊မရမ်းကုန်းမြို့နယ်၊အင်းစိန်မြို့နယ်၊ရွှေပြည်သာမြို့နယ်၊လှိုင်သာယာမြို့နယ်အရေးကြီးကိစ္စမရှိဘဲ အိမ်အပြင်မထွက်ရေး ညွှန်ကြားချက် ချမှတ်ထားသည်။

ထို့အပြင် ကိုကိုးကျွန်းမြို့နယ်မှလွဲ၍ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးကိုလည်း ဧပြီလ ၁၈ရက်က စတင်ပြီး ည ၁၀နာရီမှ နံနက်၄နာရီအထိ ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly