နေရပ်ပြန်မြန်မာများ ပို့ဆောင်သော ကားသမား ၁၀ ဦး တရားစွဲခံရ

နေရပ်ပြန်မြန်မာများ ပို့ဆောင်သော ကားသမား ၁၀ ဦး တရားစွဲခံရ
ဓာတ်ပုံ -    ( မန်နေဂျာ အွန်လိုင်း သတင်း )

ဧပြီလ  ၁၇ ရက်၊ ၂၀၂၀

နေရပ်ပြန်ရန်ကြိုးစားသော မြန်မာအလုပ်သမားများကို မဲဆောက်သို့ပို့ဆောင်ရာတွင် လမ်းခုလတ် အဖမ်းခံလိုက်ရသော ထိုင်းကားသမား ၁၀ ဦးကို အရေးပေါ်တားမြစ်ဥပဒေကို  ချိုးဖောက်မှုအပြင် လူကုန်ကူးမှုဖြင့်ပါ တရားစွဲဆိုမည်ဖြစ်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက သောကြာနေ့က ပြောသည်။

( ထိုင်း-မြန်မာ နယ်စပ် တာ့ခ်ခရိုင်အတွင်းမှာ ဧပြီလ ၂ ရက်နေ့က ထိုင်းအစိုးရ အာဏာပိုင်များ  ဘန်ကောက်မှ နေရပ်သို့ ပြန်လာသည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီး စစ်ဆေးနေစဉ် )

စွပ်စွဲခံရသော ကားသမားများသည် ဧပြီ ၂ ရက်နေ့က ဗင်ကား ခုနှစ်စီးနှင့် ခရီးသည်တင်ကားကြီးတစ်စီးပေါ်တွင် ပြည်တော်ပြန်မည့် မြန်မာနိုင်ငံသား ၈၅ ဦးကို တင်ဆောင်လာရာ ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် ဘန့်ဟွေ့ဟင်ဖွန်နယ်ခြား ၃၄၆ ရဲစစ်ဆေးရေးဂိတ်အရောက်တွင် အဖမ်းခံလိုက်ရခြင်းဖြစ်သည်။

 အခင်းဖြစ်ပွားသောနေ့သည် တာ့ခ်ခရိုင်တွင်း COVID-19 မြန်မာနိုင်ငံသားများနှင့် လူနည်းစုတိုင်းရင်းသားများ ခရီးသွားလာမှု ဆိုင်းငံ့ထားဖို့ အရေးပေါ်ကြေငြာချက် ထုတ်ပြန်ပြီး နောက်တစ်ရက်လည်းဖြစ်သည်။
     
ကားသမားအားလုံးကို အရေးပေါ်တားမြစ်ဥပဒေချိုးဖောက်မှုဖြင့် စွဲဆိုမှာဖြစ်သော်လည်း သူတို့အထဲမှ သုံးဦးကို လူကုန်ကူးမှုဖြင့်ပါ တရားစွဲဆိုသွားမည်ဟု ထိုင်းအာဏာပိုင်များက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။
 
ထို့အပြင် တရားဝင်အထောက်အထား စာရွက်စာတမ်းမပြနိုင်သည့် မြန်မာ ၁၈ ဦးမှာလည်း ထိုင်းနိုင်ငံသို့ အရေးပေါ်တားမြစ်ဥပဒေချိုးဖောက်မှုအပြင် ခိုးဝင်နေထိုင်မှုဖြင့်လည်း စွပ်စွဲခံထားရသည်။

သို့သော် ထိုင်းအာဏာပိုင်များက တရားဝင် စာရွက် စာတမ်းပြသနိုင်သည့် ၆၃ ဦးကို ကရင်ပြည်နယ် မြဝတီမြု့ကို ချစ်ကြည်ရေး တံတားမှသည် ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
 
ကားသမားနှင့် မြန်မာနိုင်ငံသားများသည်  ဘန်ကောက်မြို့မှ ထိုင်း-မြန်မာနယ်စပ် မဲဆောက် မြို့ ကို လာကြခြင်းဖြစ်သည်။
 
အရေးပေါ်တားမြစ်ဥပဒေကိုချိုး ဖေါက်ပါက ထောင်ဒဏ် တစ်နှစ်နဲ့ ဒဏ်ငွေဘတ် (၁၀၀,၀၀၀) အထိ ပြစ်ဒဏ်ချမှတ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly