ကိုရိုနာဗိုင်းရပ်စ်၏ နောက်ဗဟိုချက် အာဖရိက ဖြစ်လာနိုင်ဟု WHO သတိပေး

ကိုရိုနာဗိုင်းရပ်စ်၏ နောက်ဗဟိုချက် အာဖရိက ဖြစ်လာနိုင်ဟု WHO သတိပေး

ဧပြီ ၁၈

အာဖရိကသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားရာ နောက်ဗဟိုချက်ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးသည်။

ယင်းကပ်ဘေးသည် အာဖရိကတွင် ပြည်သူ အနည်းဆုံး သုံးသိန်းကို အသက်ဆုံးရှုံးစေနိုင်ပြီး လူဦးရေ သန်း ၃၀ နီးပါးကို ဆင်းရဲတွင်းထဲ ဆွဲနှစ်သွားနိုင်သည်ဟုလည်း ကုလသမဂ္ဂတာဝန်ရှိသူများကလည်း ပြောသည်။

အာဖရိက၌ ပြီးခဲ့သည့် သီတင်းပတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု သိသိသာသာ မြင့်တက်ခဲ့သည်ကို မြင်တွေ့ရသည်။

အာဖရိက တစ်နံတစ်လျား ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀ နီးပါး ရှိပြီး ကူးစက်ဖြစ်ပွားသူပေါင်း ၁၉၀၀၀ ဝန်းကျင် ရှိနေကာ ဥရောပနှင့် အမေရိကန်တို့က နှုန်းထားထက် များစွာ လျော့နည်းနေသည်။

အာဖရိက၌ လူပေါင်း သုံးသိန်း အနည်းဆုံး သေဆုံးမည်ဟု သတိပေးသော အာဖရိကဆိုင်ရာ ကုလသမဂ္ဂစီးပွားရေးကော်မရှင်က ချေးငွေ ပေးချေမှု တန့်ရပ်ခြင်း အပါအဝင် အာဖရိက ဘေးကင်းရေးအတွက် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ တောင်းဆိုထားသည်။

ကိုရိုနာဗိုင်းရပ်စ်သည် အာဖရိကမြို့တော်များမှ အဝေးတွင် ပျံ့နှံ့နေပုံရသည်ဟု WHO က ဆိုသည်။

အာဖရိကတိုက်အနေဖြင့် ဗိုင်းရပ်စ်ကပ်ဘေးကို ကိုင်တွယ်ဖြေရှင်းရေး အသက်ရှူကိရိယာများလည်း ချို့ငဲ့လျက် ရှိသည်ဟု WHO က မီးမောင်းထိုး ပြောဆိုသည်။

အာဖရိကတိုက် လူဦးရေ၏ သုံးပုံတစ်ပုံသည် ရေပေးဝေမှု လုံလုံလောက်လောက် မရရှိဘဲ မြို့ပြလူဦးရေ၏ ၆၀ ရာခိုင်နှုန်းမှာလည်း ဗိုင်းရပ်စ် ရှင်သန်ပျံ့နှံ့နိုင်သော အခြေအနေများ ရှိနေသည့် လူပြည့်ကျပ်သည့် ဆင်းရဲသားရပ်ကွက်များတွင် နေထိုင်နေရလျက် ရှိသည်။

လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိရာ အာဖရိကတိုက်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၁၉၀၀၀ နီးပါး ရှိပြီး သေဆုံးသူမှာ အနည်းဆုံး ၉၇၀ ရှိသွားပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly