Remdesivir ဆေးဖြင့် စမ်းသပ်ကုသမှုခံယူခဲ့သည့် COVID-19 လူနာများ လျင်လျင်မြန်မြန် ပြန်လည်သက်သာကောင်းမွန်သွားခဲ့ဟု ဆို

Remdesivir ဆေးဖြင့် စမ်းသပ်ကုသမှုခံယူခဲ့သည့် COVID-19 လူနာများ လျင်လျင်မြန်မြန် ပြန်လည်သက်သာကောင်းမွန်သွားခဲ့ဟု ဆို

ဧပြီ ၁၇

Remdesivir ဟု ခေါ်သည့် စမ်းသပ်ဆေးဝါးတစ်မျိုးနှင့် ကုသမှုခံယူခဲ့ကြသော COVID-19 လူနာများသည် လျင်လျင်မြန်မြန်ပင် ပြန်လည်သက်သာကောင်းမွန်သွားခဲ့ပြီး အများစုသည် ရက်ပိုင်းအတွင်း အိမ်ပြန်သွားကြပြီဖြစ် ကြောင်း ဆေးပညာသတင်းဝက်ဘ်ဆိုဒ်တစ်ခုဖြစ်သည့် STAT News က ဧပြီ ၁၆ ရက်တွင် ဖော်ပြသည်။

အဆိုပါ စမ်းသပ်ကုသမှုနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးထားသည့် ဗီဒီယိုတစ်ခုကို ရရှိပြီးနောက် STAT News က အထက်ပါအတိုင်း ထုတ်ပြန်ဖော်ပြခဲ့ခြင်း ဖြစ်သည်။

Remdesivir ဆေးနှင့် လက်တွေ့စမ်းသပ်ကုသမှုတစ်ခုတွင် ပါဝင်ခဲ့ကြသည့် လူနာများအားလုံးတွင် ပြင်းထန်သည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာရပ်များနှင့် အဖျားဝေဒနာတို့ ရှိခဲ့သော်လည်း သီတင်းပတ်တစ်ပတ်သာသာခန့် ကုသမှုခံယူပြီးနောက် ဆေးရုံက ဆင်းသွားနိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါ စမ်းသပ်ကုသမှုကို ဦးဆောင်ခဲ့သည့် ဆရာဝန်တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး STAT က ဖော်ပြသည်။

“ဝမ်းသာစရာအကောင်းဆုံး သတင်းက ကျွန်မတို့ရဲ့ လူနာအများစုဟာ ဆေးရုံကနေ ဆင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်၊ ဒါက တကယ် ကောင်းပါတယ်၊ ကျွန်မတို့မှာ လူနာနှစ်ယောက်ပဲ အသက်ဆုံးရှုံးခဲ့ပါတယ်” ဟု အဆိုပါ လက်တွေ့စမ်းသပ်ကုသမှုကို ဦးဆောင်ခဲ့သော ချီကာဂို တက္ကသိုလ်မှ ကူးစက်ရောဂါ အထူးကျွမ်းကျင်ပညာရှင် Dr Kathleen Mullane က ဗီဒီယိုထဲတွင် ပြောသွားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ CNN ထံမှ သဘောထားမှတ်ချက်တောင်းခံမှုကို Mullane က ဖြေဆိုသွားခဲ့ခြင်း မရှိပေ။ စမ်းသပ်မှု၏ တရားဝင် ရလဒ်များ အဆင်သင့်ဖြစ်သည်နှင့်တပြိုင်နက် သဘောထားမှတ်ချက်ပေးသွားမည်ဟု တက္ကသိုလ်က ပြောသည်။

လူနာတချို့တွင် ပြင်းထန် နမိုးနီးယားအဆုတ်ရောင်ရောဂါနှင့် ပြင်းထန်သည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာဖိစီးမှုလက္ခဏာရပ်များ ဖြစ်စေနိုင်သည့် COVID-19 ရောဂါအတွက် အတည်ပြုထားသည့် ကုထုံး မရှိသေးပေ။

သို့သော် အမျိုးသား ကျန်းမာရေး ဌာနများအနေဖြင့် ဆေးဝါးအချို့နှင့် အခြား ကုသမှုနည်းလမ်းများကို စမ်းသပ်လုပ်ဆောင်လျက် ရှိပြီး ယင်းတို့အနက် remdesivir လည်း တစ်ခု အပါအဝင်ဖြစ်သည်။

အမေရိကန် Gilead Sciences ကုမ္ပဏီက ထုတ်လုပ်သည့် အဆိုပါဆေးကို အီဘိုလာရောဂါအတွက် စမ်းသပ်ခဲ့ရာ အောင်မြင်မှု အနည်းငယ် ရရှိထားခဲ့သည်။ သို့သော် တိရစ္ဆာန်များနှင့်လုပ်ဆောင်သည့် လေ့လာစမ်းသပ်မှုများအရ ယင်းဆေးသည် SARS နှင့် MERS အပါအဝင် COVID-19 နှင့် ဆက်နွယ်သည့် ကိုရိုနာဗိုင်းရပ်စ်များကို ကာကွယ်နိုင်၊ ကုသနိုင်သည်ကို ပြသခဲ့သည်ဟု သိရသည်။

အလားတူ remdesivir သည် COVID-19 ကို ကုသနိုင်မည့် အလားအလာများ ပြသထားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ဖေဖော်ဝါရီလက ပြောထားခဲ့သည်။

စမ်းသပ်ကုသမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့်အပတ်က Dr Mullane နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဘက်များ ပြောဆိုဆွေးနွေးသည့် ဗီဒီယိုတစ်ခုကို ရရှိခဲ့ကြောင်း STAT က ပြောသည်။

“ ကျွန်မတို့ရဲ့ လူနာအများစုက ရောဂါပြင်းထန်ပါတယ်၊ သူတို့ထဲက အများစုကတော့ ခြောက်ရက်မြောက်နေ့မှာ ဆင်းသွားကြပါပြီ၊ ဒီတော့ ဒါက ဒီကုထုံးရဲ့ ကြာချိန်က ဆယ်ရက်တောင် မရှိဘူးဆိုတာကို ပြသနေပါတယ်” ဆိုပြီး Dr Mullane ၏ ပြောကြားချက်ကို STAT က ကိုးကားဖော်ပြသွားခဲ့သည်။

သို့သော် ယခု စမ်းသပ်မှုတွင် control group ဟု ခေါ်သည့် အုပ်စုတစ်ခု ပါဝင်ခဲ့ခြင်း မရှိဟု သိရပြီး ယင်းအတွက်ကြောင့် ဆေးသည် အမှန်တကယ်ပင် လူနာများကို ပိုမိုကောင်းမွန်စွာ ပြန်လည်သက်သာစေရန် ကူညီပေးနေသလား ပြောရန် ခက်ခဲလိမ့်မည်ဟု သိရသည်။ အဆိုပါ control arm အဖွဲ့ဖြင့် လူနာတစ်ချို့သည် စမ်းသပ်ဆေးဝါးကို ကုသမှု ခံယူခြင်း မရှိသည့်အတွက် ဆရာဝန်များအနေဖြင့် ဆေးသည် အမှန်တကယ်ပင် ၎င်းတို့၏ အခြေအနေအပေါ် သက်ရောက်မှု ရှိသည့် ဆေးဖြစ်သလား ဆိုသည်ကို သုံးသပ်ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

ဆေးဝါး စမ်းသပ်မှုများကို အခြားသော လက်တွေ့စမ်းသပ်မှု စင်တာ ဒါဇင်နှင့်ချီတွင် လုပ်ဆောင်နေသည်ဟု သိရသည်။ ကမ္ဘာတဝန်း စမ်းသပ်နေရာ ၁၅၂ ခုတွင် ပြင်းထန် COVID-19 လက္ခဏာရပ်များ ရှိနေသည့် လူနာ ၂,၄၀၀ ကို ဆေးဝါး စမ်းသပ်မှုများလုပ်ဆောင်ရန် Gilead က ပံ့ပိုးပေးလျက် ရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly