တရုတ်နိုင်ငံ ဝူဟန်မြို့၌ COVID-19 ကြောင့် သေဆုံးသူစာရင်းကို ၁,၂၉၀ ဦးထပ်ပေါင်းပြီး ပြင်ဆင်

တရုတ်နိုင်ငံ ဝူဟန်မြို့၌ COVID-19 ကြောင့် သေဆုံးသူစာရင်းကို ၁,၂၉၀ ဦးထပ်ပေါင်းပြီး ပြင်ဆင်

ဧပြီ ၁၇

ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံ ဝူဟန်မြို့၏ အာဏာပိုင်များက ၎င်းတို့မြို့၌ COVID-19 ကြောင့် သေဆုံးခဲ့သူစာရင်းကို ယခုအခါ ၅၀ ရာခိုင်နှုန်းအထိ ထပ်ပေါင်းပြီး ပြင်ဆင်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

သေဆုံးမှုဖြစ်စဉ် အများအပြားမှာ အမှားမှားအယွင်းယွင်း ဖော်ပြခဲ့ခြင်း သို့မဟုတ် လုံးလုံးလျားလျား စာရင်းလွဲချော်နေခဲ့ခြင်းတို့ ဖြစ်ခဲ့ကြောင်း ဝူဟန် တာဝန်ရှိသူများက ပြောသည်။

တရုတ်တို့၏ ပွင့်လင်းမြင်သာမှုနှင့်ပတ်သက်၍ တစ်ကမ္ဘာလုံးဆိုင်ရာ သံသယများ ကြီးထွားလာချိန်တွင် ယခုကဲ့သို့ ဝန်ခံမှုတစ်ခု ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဝူဟန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူစာရင်းကို နောက်ထပ် ၁,၂၉၀ ဦး ထပ်ပေါင်းထည့်လိုက်ပြီဖြစ်ကြောင်း ယင်းမြို့အစိုးရက ဧပြီ ၁၇ ရက်တွင် ဆိုရှယ်မီဒီယာကနေ ပို့စ်တစ်ခုတင်ပြီး ထုတ်ပြန်သွားခဲ့သည်။

ဝူဟန်မြို့သည် ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင်ပေါ်ပေါက်ခဲ့ရာ နေရာဖြစ်ပြီး တရုတ်တစ်နိုင်ငံလုံးတွင် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်သည့် သေဆုံးမှုအများစုသည်လည်း ယင်းမြို့တွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ် သည်။

ယခုကဲ့သို့ ထပ်တိုးပြင်ဆင်ချက်ကြောင့် ဝူဟန်မြို့တွင် COVID-19 ကြောင့် သေဆုံးသူစုစုပေါင်းသည် ၃,၈၆၉ ဦးအထိ ရှိသွားပြီဖြစ်သည်။

ထို့ပြင် ယခုစာရင်းအပြောင်းအလဲကြောင့် တရုတ်တစ်နိုင်ငံလုံးတွင် COVID-19 ကြောင့် သေဆုံးသူဦးရေစုစုပေါင်းတွင် ၃၉ ရာခိုင်နှုန်းနီးပါး ထပ်တိုးကာ ၄,၆၃၂ ဦးအထိ ရှိသွားစေခဲ့ပြီ ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအရေးနှင့်ပတ်သက်၍ တရုတ်သည် အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုအင်အားစုများ၏ တိုးမြှင့်ဖိအားပေးမှုများအောက် ကျရောက်လျက်ရှိသည်။ အမေရိကန်က တရုတ်တို့၏ ပွင့်လင်း မြင်သာမှုအပေါ် သံသယရှိနေသည်ဟု ဆိုပြီး ဗိုင်းရပ်စ်သည် ဝူဟန်ဓာတ်ခွဲခန်းတစ်ခုကနေ အမှန်တကယ် အစပြုပေါ်ထွက်လာခဲ့သလားဆိုသည်ကိုပင် စုံစမ်းစစ်ဆေးနေပြီဟု ထုတ်ဖော်ထားသည်။

ယခုကဲ့သို့ သေဆုံးသူစာရင်း ပြင်ဆင်ခဲ့ရခြင်းနှင့်ပတ်သက်၍ ဝူဟန်မြို့ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနချုပ်က အကြောင်းပြချက်တချို့ ပေးသွားခဲ့သည်။ ယင်းတို့အနက် အကြောင်းပြချက်တစ်ခုအဖြစ် မြို့တွင်း၌ ဗိုင်းရပ်စ်ကူးစက်မှု စဖြစ်သည့်အစောပိုင်းရက်များတွင် ကူးစက်မှုဖြစ်စဉ်များ မြင့်တက်နေချိန် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ မနိုင်မနင်း ဖြစ်ခဲ့သည့်အတွက် အချိန်လွန်မှ စာရင်းထုတ်ပြန်ခြင်း၊ စာရင်းထိန်ချန်ခြင်းနှင့် စာရင်းလွဲမှားခြင်းတို့ကို ဖြစ်စေခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required