စင်ကာပူ၌ မတ်လအတွင်း လိင်ဝန်ဆောင်မှုအကြောင်းပြ ရိုက်စားသမားများက စင်ကာပူဒေါ်လာ ၃ သိန်းနီးပါးအထိ လိမ်လည်ရယူသွားနိုင်ခဲ့

စင်ကာပူ၌ မတ်လအတွင်း လိင်ဝန်ဆောင်မှုအကြောင်းပြ ရိုက်စားသမားများက စင်ကာပူဒေါ်လာ ၃ သိန်းနီးပါးအထိ လိမ်လည်ရယူသွားနိုင်ခဲ့

ဧပြီ ၁၇

ယခုနှစ် မတ်လတွင် စင်ကာပူနိုင်ငံတွင် လိင်ဝန်ဆောင်မှုအကြောင်းပြ အလိမ်အညာရိုက်စားသမားများလက်ထဲသို့ အနည်းဆုံး စင်ကာပူဒေါ်လာ ၂၉၅,၀၀၀ ခန့်ကို ဆုံးရှုံးခဲ့ရကြောင်း၊ သက်ဆိုင်ရာသို့ တိုင်ကြားမှုပေါင်း ၁၁၂ ခုအထိ ရှိခဲ့ကြောင်း စင်ကာပူရဲတပ်ဖွဲ့က ဧပြီ ၁၇ ရက်တွင် ပြောသည်။

ယမန်နှစ် ၂၀၁၉ ခုနှစ်အတွင်း ထိုကဲ့သို့ ရိုက်စားခွင်များကြောင့် စင်ကာပူဒေါ်လာ ၂ ဒသမ ၈ သန်းထက်မနည်း ဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့ပြီး တိုင်ကြားချက်ပေါင်း ၁,၀၆၅ ခု ထက်မနည်း ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အလိမ်ခံရသူများသည် ပုံမှန်အားဖြင့် ရိုက်စားသမားများနှင့် မိတ်ဆွေဖြစ်ခြင်း သို့မဟုတ် WeChat ၊ Tinder နှင့် Michat တို့ကဲ့သို့ အွန်လိုင်း အက်ပလီကေးရှင်းများ သို့မဟုတ် Locanto နှင့် Skokka ကဲ့သို့ ဝက်ဘ်ဆိုဒ် များကနေတဆင့် လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများကို ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း ရဲများက ပြောသည်။

ဖြစ်စဉ်တချို့တွင် အလိမ်အညာ ရိုက်စားသမားများက အဆိုပါ အွန်လိုင်း အက်ပလီကေးရှင်းများ သို့မဟုတ် ဝက်ဘ်ဆိုဒ်များကနေတဆင့် ၎င်းတို့၏ ပစ်မှတ်လူပုဂ္ဂိုလ်များကို တမင် ချဉ်းကပ်ကာ လိင်ဝန်ဆောင်မှုများ ကမ်းလှမ်းပေးမည်ဟု သိမ်းသွင်းခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် အလိမ်ခံရသူများကို လိင်ဝန်ဆောင်မှုများအတွက် AXS စက်များတွင် AliPay credits ကနေတဆင့် ကြိုတင်ငွေပေးချေမှု လုပ်ဆောင်ရန် သို့မဟုတ် iTunes (သို့) Google Play gift cards ဝယ်ယူရန် ရိုက်စား သမားများက ညွန်ကြားခဲ့သည်ဟု သိရသည်။

အလိမ်ခံရသူများဘက်က ကြိုတင် ငွေပေးချေမှုလုပ်ပြီးသွားသည်နှင့်တပြိုင်နက် ရိုက်စားသမားများက အဆက်မသွယ်မလုပ်တော့ဘဲ ခြေရာဖျောက်သွားခဲ့ခြင်း ဖြစ်သည်။

“များသောအားဖြင့်တော့ အလိမ်ခံရသူတွေက သူတို့ ချိန်းဆိုတဲ့နေရာကို ဘယ်သူမှ ရောက်မလာခဲ့တော့မှ သူတို့ တစ်ပတ်ရိုက်ခံရပါလား ဆိုတာကို သိခဲ့ကြတာဖြစ်ပါတယ်” ဟု ရဲတပ်ဖွဲ့က ပြောသည်။

ယင်းအတွက်ကြောင့် ပြည်သူများကိုလည်း အွန်လိုင်းပေါ်တွင် friend requests များ၊ messages များ သို့မဟုတ် လိင်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အထူးသတိပြုကြရန်နှင့် ယင်းတို့က တချိန်ချိန်တွင် အလိမ်အလည် များဖြစ်လာနိုင်သည်ဆိုပြီး ရဲတပ်ဖွဲ့က သတိပေးတိုက်တွန်းထားသည်။

ရိုက်စားသမားများသည် တခါတရံ ၎င်းတို့လိမ်မည့် သူများထံက ငွေပိုရရန် ခြိမ်းခြောက်သည့် နည်းလမ်းတချို့ သုံးကောင်း သုံးနိုင်သည်။ ယင်းအတွက်ကြောင့် အလိမ်ခံရသူများအနေဖြင့် စိတ်အေးအေးထားကာ ခြိမ်းခြောက် မှုများကို သဘောတူ လိုက်လျောမှုမျိုး မလုပ်သင့်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ထို့ပြင် အလိမ်ခံရသူများအနေဖြင့် ၎င်းတို့၏ ကိုယ်ရေးဒေတာအချက်အလက်အသေးစိတ်ကို မပေးအပ်သင့်ပေ။

ယခုကဲ့သို့ အရေးကြီးသည့် ကာလအတွင်း ပြည်သူများကို နေအိမ်တွင်သာ နေကြရန်နှင့် အပြင်ထွက်လည်ပတ်သွားလာခြင်းမှ ရှောင်ကြရန် စင်ကာပူရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly