မွမ်ဘိုင်း ဘူတာရုံ၌  ရွှေ့ပြောင်းလုပ်သား ရာပေါင်းများစွာကို အိန္ဒိယရဲတပ်ဖွဲ့ လူစုခွဲ 

မွမ်ဘိုင်း ဘူတာရုံ၌  ရွှေ့ပြောင်းလုပ်သား ရာပေါင်းများစွာကို အိန္ဒိယရဲတပ်ဖွဲ့ လူစုခွဲ 

ဧပြီ ၁၇

အိန္ဒိယနိုင်ငံမှာ လော့ခ်ဒေါင်းအမိန့် ချမှတ်ထားတာကို သက်တမ်းတိုးကြောင်း အစိုးရက ကြေညာခဲ့ပြီးနောက် မွမ်ဘိုင်း ဘူတာရုံမှာ စုဝေးရောက်ရှိနေခဲ့တဲ့ ရွှေ့ပြောင်းလုပ်သား ရာပေါင်းများစွာကို ရဲတွေက လူစုခွဲခဲ့ရပါတယ်။

နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ဟန့်တားဖို့ နိုင်ငံတဝန်း ချမှတ်ထားတဲ့ လော့ခ်ဒေါင်းအမိန့် သက်တမ်းတိုးကြောင်း ဧပြီ ၁၄ ရက်မှာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက ကြေညာပြီးနောက် နာရီပိုင်းအကြာမှာပဲ ခုလို မွမ်ဘိုင်းဘူတာရုံအပြင်ဘက်မှာ ရွှေ့ပြောင်းလုပ်သားတွေကို ရဲတွေက သစ်သားတုတ်တွေသုံးပြီး လူစုခွဲခဲ့တာ ဖြစ်ပါတယ်။

ဒီ ရွှေ့ပြောင်းလုပ်သားအများအပြားကေတာ့ ရထားတွေ ပြန်လည် ပြေးဆွဲမယ် အထင်နဲ့ အဲဒီ ဘူတာရုံမှာ ရောက်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လော့ခ်ဒေါင်းချမှတ်ထားမှုဟာ မူလက ဧပြီ ၁၅ ရက်မှာ ပြည့်မြောက်ဖို့ ရှိခဲ့ပေမယ့် အစိုးရက မေလ ၃ ရက်အထိ ထပ်မံသက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။

ခုလို နိုင်ငံတစ်ဝန်း လော့ခ်ဒေါင်းချမှတ်ထားပေမယ့်လည်း ကျေးလက်ဒေသတွေက ပြည်သူသန်းပေါင်းများစွာတို့ကို လာမယ့်အပတ်မှာ အလုပ်တွေ ပြန်လုပ်ခွင့် ပြုမယ်လို့ အစိုးရက ဧပြီ ၁၅ ရက်မှာ ပြောသွားပါတယ်။

လူဦးရေ ၁ ဒသမ ၃ ဘီလီယံနဲ့ ကမ္ဘာ့ဒုတိယအများဆုံး လူဦးရေ ရှိနေတဲ့ နိုင်ငံမှာ ပြီးခဲ့တဲ့မတ်လကစလို့ သွားလာလှုပ်ရှားမှုတွေအပေါ် ပိတ်ဆို့ကန့်သတ်မှုတွေ လုပ်ဆောင်ထားခဲ့တာဖြစ်ပါတယ်။

ဒီလို ပိတ်ဆို့ကန့်သတ်မှုတွေကြောင့် ကျေးလက်ဒေသ ရွှေ့ပြောင်းလုပ်သားတွေနဲ့ အခြား အလုပ်သမားတွေအပါအဝင် အဆင်းရဲဆုံး ပြည်သူတွေ အထိအနာဆုံး ဖြစ်ခဲ့ရပါတယ်။

မြို့တွေမှာဆိုရင် အရင်က ပုံမှန်စည်ကားခဲ့တဲ့ လမ်းတွေမှာ အသွားအလာ မရှိတော့ဘဲ ခြောက်ကပ်သွားခဲ့သလို စျေးဆိုင်တွေလည်း ပိတ်ထားခဲ့ရပါတယ်။

ခုလိုအချိန်မှာ ဝေးလံတဲ့ အရပ်ဒေသတွေက နေအိမ်တွေဆီ မပြန်နိုင်ကြတော့သလို အလုပ်လက်မဲ့ဖြစ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ မြို့တွေပေါ်က လူပြည့်ကျပ်နေတဲ့ ခိုလှုံရာနေရာတွေမှာ နေနေကြရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly