ကိုရိုနာဗိုင်းရပ်စ်က ဝူဟန်ဓာတ်ခွဲခန်းကနေ ထွက်ပေါ်လာခဲ့ခြင်းဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေကြောင်း ဒေါ်နယ်ထရမ့် ပြော

ကိုရိုနာဗိုင်းရပ်စ်က ဝူဟန်ဓာတ်ခွဲခန်းကနေ ထွက်ပေါ်လာခဲ့ခြင်းဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေကြောင်း ဒေါ်နယ်ထရမ့် ပြော

ဧပြီ ၁၆

COVID-19 ရောဂါကို ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်က တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းတစ်ခုကနေ စတင်ထွက်ပေါ်လာခဲ့ခြင်း ဟုတ်မဟုတ် စုံစမ်းသိရှိနိုင်ရန် အမေရိကန်အစိုးရအနေဖြင့် ကြိုးပမ်းလျက် ရှိကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

ထို့ပြင် ပေကျင်းအစိုးရအနေဖြင့် ၎င်းတို့ သိရှိထားသမျှတိုင်းနှင့်ပတ်သက်၍ ဖုံးကွယ်ခြင်း မရှိဘဲ  အပြည့်အဝ ရိုးသားရန် လိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုးကလည်း ပြောသွားခဲ့သည်။

လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်၏ အစပြုရာ ဇာစ်မြစ်သည် ပဟေဠိတစ်ခုအဖြစ် ဆက်ရှိနေဆဲဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်က သဘာဝအတိုင်း ဖြစ်ပေါ်လာခဲ့ဖွယ် ရှိသည်ကို အမေရိကန် ထောက်လှမ်းရေး အထောက်အထားအချက်အလက်များက ညွန်ပြနေကြောင်း၊  ဗိုင်းရပ်စ်ကို တရုတ် ဓာတ်ခွဲခန်းတစ်ခုတွင် ဖန်တီးခဲ့သည် ဆိုသည်နှင့် ဆန့်ကျင်နေသည့် ယင်းအယူအဆက သေချာသည်ဟု ပြော၍မရနိုင်ကြောင်း အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာ့ခ် မီလ်လေးက ပြောသွားခဲ့သေးသည်။

Fox News သတင်းဌာန၏ ဧပြီ ၁၅ ရက် သတင်းဖော်ပြချက်အရ ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန်ဓာတ်ခွဲခန်းတစ်ခုကနေ အစပြုပေါ်ပေါက်ခဲ့ကြောင်း၊ သို့သော် ဇီဝလက်နက်တစ်ခုအဖြစ် မဟုတ်ကြောင်း ဖော်ပြထားသည်။ ဗိုင်းရပ်စ်များ ခွဲခြားရွေးထုတ်မှု၊ တိုက်ခိုက်နိုင်မှုပိုင်း တရုတ်၏ အားထုတ်မှုများက အမေရိကန်တို့၏ လုပ်နိုင်စွမ်းနှင့် ညီမျှသည် ဟို့မဟုတ် ပိုမိုသာလွန်သည်ဆိုသည်ကို တရုတ်တို့ဘက်က ထုတ်ဖော်ပြသရန် ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း ဖော်ပြထားသည်။

ရောဂါပိုးမွှားဆိုင်ရာ လေ့လာစမ်းသပ်မှုများ လုပ်ဆောင်သည့် ဝူဟန် ဓာတ်ခွဲခန်းတစ်ခုတွင် ဘေးကင်းလုံခြုံရေးစံနှုန်းများ လျော့ရဲမှုကနေတဆင့် တစ်စုံတစ်ယောက်ကို ဗိုင်းရပ်စ်ကူးစက်ခံလိုက်ရပြီး ယင်းနောက် အနီးအနားရှိ သားငါးစျေးတစ်ခုသို့ ရောက်ရှိသွားကာ ယင်းကနေတဆင့် ဗိုင်းရပ်စ်က စတင်ပျံ့နှံ့သွားခြင်း ဖြစ်နိုင်ကြောင်း အဆိုပါ သတင်းဖော်ပြချက်နှင့် အခြားသူတစ်ချို့က ခန့်မှန်းထားသည်။

ဗိုင်းရပ်စ်က ဝူဟန်ဓာတ်ခွဲခန်းကနေ လွတ်ထွက်လာသည် ဆိုသည် သတင်းဖော်ပြချက်များနှင့်ပတ်သက်၍ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားစဉ် ထရမ့်က အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သိရှိကြောင်း ပြောသွားခဲ့သည်။

“ ဖြစ်သွားခဲ့တဲ့ ဒီ ကြောက်မက်ဖွယ် အခြေအနေနဲ့ပတ်သက်လို့ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုတစ်ရပ် ကျွန်တော်တို့ လုပ်နေပါတယ်” ဟု ထရမ့်က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required