ဘဏ်ကနေ ပိုက်ဆံချေးပြီး စားသောက်ဆိုင်ဖွင့်ရာကနေ နယူးကာဆယ်ကို ဝယ်ယူနိုင်ခဲ့တဲ့ အမျိုးသမီး

ဘဏ်ကနေ ပိုက်ဆံချေးပြီး စားသောက်ဆိုင်ဖွင့်ရာကနေ နယူးကာဆယ်ကို ဝယ်ယူနိုင်ခဲ့တဲ့ အမျိုးသမီး

ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ နယူးကာဆယ်အသင်းကို ရက်ပိုင်းအတွင်း ဝယ်ယူတောမယ့် PCP Capital Partners ကုမ္ပဏီရဲ့ ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ အေမန်ဒါ စတာဗယ်လီဆိုသူ အမျိုးသမီးကတော့ တကယ့်ကို အံ့သြစရာပါပဲ။

သူမက အသက် ၂၃ နှစ်မှာ ဘဏ်တစ်ခုကနေ ပေါင် ၁၈၀,၀၀၀ ချေးပြီး ကိုယ်ပိုင်စားသောက်ဆိုင်တစ်ခု ဖွင့်ရာကနေ နယူးကာဆယ်အသင်းကို ဝယ်ယူရာမှာ အဓိက ကျသူတစ်ယောက်အဖြစ် အောင်မြင်မှု ရရှိခဲ့ပါတယ်။

သူမက ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါ တစ်ခုကိုလည်း ၂၀၁၃ ခုနှစ်က စတင် ခံစားခဲ့ရသူဖြစ်ပြီး အဲဒီ သေရာပါမယ့်ရောဂါဟာ အခုအချိန်အထိတော့ အေမန်ဒါကို အခက်တွေ့အောင်၊ စွမ်းဆောင်ရည်တွေ ကျဆင်းအောင် လုပ်နိုင်စွမ်း မရှိသေးပါဘူး။

အရပ် ၆ ပေမြင့်တဲ့အပြင်၊ ယောက်ၤားသားတွေကို မညှာမတာနဲ့ ဒေါက်ဖိနပ်အမြဲစီးလေ့ရှိတဲ့ အေမန်ဒါဟာ အောင်မြင်တဲ့ မော်ဒယ် တစ်ယောက်လည်းဖြစ်ခဲ့ပြီး ဗြိတိန်ရဲ့တော်ဝင်မင်းသား အန်ဒရူးရဲ့ လက်ထပ်ခွင့်တောင်းဆိုခြင်းကိုလည်း ငြင်းပယ်ခဲ့တဲ့သူပါ။

သူမက တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့တာဖြစ်ပြီး သူမဟာ အန်ဒရူးနဲ့ ၂ နှစ်ကြာ တွဲခဲ့ပြီးလမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ်မှာ အေမန်ဒါနဲ့ အန်ဒရူးတို့ စတင်တွေ့ဆုံခဲ့ကြပြီး ၂၀၀၁ ခုနှစ်မှာတော့ လူသိရှင်ကြား တွဲခုတ်ခဲ့ကြတာပါ။ ၂၀၀၃ ခုနှစ်မှာတော့ အန်ဒရူးက အေမန်ဒါကို လက်ထပ်ခွင့်တောင်းဆိုခဲ့ပြီး အေမန်ဒါက အံ့အားသင့်ဖွယ်ပဲ ပယ်ချလိုက်ပါတယ်။ သူမရဲ့ ပြောစကားအရတော့ အန်ဒရူးကိုသာ လက်ထပ်လိုက်ပြီး တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်လာခဲ့မယ်ဆိုရင် သူမရဲ့ လွတ်လပ်မှုတွေ ပျောက်ဆုံးကုန်မှာ စိုးလို့ပါတဲ့..

အဲဒီနောက် ၂၀၁၃ ခုနှစ်မှာတော့ သူမက ဦးနှောက်နဲ့ပတ်သက်တဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ Huntington’s ရောဂါကို စတင်ခံစားလာခဲ့ရပါတယ်။ ဒီရောဂါက မျိုးရိုးလိုက်တဲ့ရောဂါတစ်ခုဖြစ်ပြီး သူမရဲ့ မိခင်လည်း ဒီရောဂါ ဖြစ်ပွားခဲ့ဖူးတာပါ။ သူမဟာ မကြာခဏ ဖျားတယ်၊ ဦးနှောက်နဲ့ပတ်သက်တဲ့ မေ့လျော့မှုတွေ၊ မှတ်ဉာဏ်စွမ်းအားတွေ လျော့ကျလာတယ်၊ ဒါပေမယ့် အေမန်ဒါဟာ ဆရာဝန်တွေ ပေးတဲ့ဆေးကို ပုံမှန်သောက်ပြီး ဒီနေ့အချိန်အထိ ဂဏန်းပေါင်းစက်တွေမသုံးပဲ အလုပ်လုပ်နိုင်နေဆဲပါ။

အေမန်ဒါဟာ ၂၀၁၁ ခုနှစ်မှာတော့ အီရန် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ မာဒက် ဂိုဒူစီနဲ့ လက်ထပ်လိုက်ပါတယ်။ သူမရဲ့ ရောဂါနဲ့ပတ်သက်တဲ့ အခြေအနေတွေကြောင့် မာဒက် တစ်ယောက် လိုအပ်တာထက်ပိုမို ခက်ခဲခဲ့ပြီး သူမကို အကောင်းဆုံးနားလည်ပေးနိုင်ခဲ့တယ်လို့ အေမန်ဒါက ရင်ဖွင့်ပါတယ်။ 

အိမ်ထောင်ပြုပြီးသွားတဲ့နောက်မှာတော့ အေမန်ဒါဟာ သူ့ရဲ့ မော်ဒယ်အလုပ်ကို လုံးဝ ချန်ထားခဲ့ပြီး ငွေကြေးဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီတစ်ခု တည်ထောင်လိုက်ပါတယ်။ အဲဒီနောက်တော့ စီးပွားရေးလောကထဲ လုံးဝကို ခုန်ဝင်လာခဲ့တော့တာပါပဲ။

သူမက အာရပ်ကမ္ဘာရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဆီက ထောက်ပံ့မှုကို အပြည့်အဝ ရရှိထားပြီး ဆော်ဒီ၊ အီရန် နဲ့ UAE နိုင်ငံတွေရဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်အချို့က သူမရဲ့ လုပ်ငန်းမှာ ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်အောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။

အထူးသဖြင့် ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန်ရဲ့ စီးပွားရေးလုပ်ငန်းအချို့အတွက် အေမန်ဒါက ဦးဆောင်သူ ဖြစ်လာခဲ့ပြီး တချို့လုပ်ငန်းတွေမှာ သူမရဲ့ ရှယ်ယာတွေ ရှိနေခဲ့တာပါ။

နောက်ဆုံးမှာတော့ ဘင်ဆယ်လ်မန်ရဲ့ ထောက်ပံ့မှုနဲ့အတူ သူမရဲ့ကုမ္ပဏီက နယူးကာဆယ်အသင်းကို ဝယ်နိုင်ခဲ့တာပါပဲ။ ဗြိတိန်သတင်းစာတွေကတော့ ဘင်ဆယ်လ်မန်ကသာ နယူးကာဆယ်ကို အမှန်တကယ်ပိုင်ဆိုင်မယ့်သူဖြစ်ပြီး အေမန်ဒါကတော့ ရုပ်ပြသက်သက်ပဲဖြစ်တယ်လို့ ဆိုကြပါတယ်။

အေမန်ဒါကတော့ ထွက်ပေါ်လာတဲ့သတင်းတွေကို ပြန်လည်ဖြေရှင်းမနေခဲ့ပါဘူး။ သူမရဲ့ လုပ်ငန်းစုက နယူးကာဆယ်အသင်းကို ဝယ်ဖို့ ရက်ပိုင်းပဲလိုတော့တယ်။ ဘဏ်ကနေ ငွေချေးကာ စားသောက်ဆိုင်တစ်ခုဖွင့်ဖို့ ကြိုးစားရာကနေ ဒီလိုအခြေအနေရောက်လာခဲ့တဲ့ အမျိုးသမီးတစ်ယောက်အတွက်တော့ ဒါက အံ့ဖွယ်ပဲ မဟုတ်ဘူးလား….။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly