အမေရိကန်သည် ၂၀၂၂ ခုနှစ်အထိ Social Distancing ကျင့်သုံးရနိုင်သည်ဟု ဟားဗက်သုတေသီများဆို

အမေရိကန်သည် ၂၀၂၂ ခုနှစ်အထိ Social Distancing ကျင့်သုံးရနိုင်သည်ဟု ဟားဗက်သုတေသီများဆို

ဧပြီ ၁၅

အမေရိကန်သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် အကွာအဝေးအကန့်အသတ်ဖြင့်နေခြင်း (Social Distancing) ကို ၂၀၂၂ ခုနှစ် အထိ ကျင့်သုံးရနိုင်ကြောင်း ဟားဗက်တက္ကသိုလ်မှ သုတေသီများက လေ့လာတွေ့ရှိချက်အသစ်အရ အကြံပြုခဲ့ကြသည်။

လာမည့်နှစ်အနည်းငယ်အထိ ရံဖန်ရံခါ အကွာအဝေးအကန့်အသတ်ဖြင့် နေရန် လိုအပ်နိုင်သည်ဟု  အင်္ဂါနေ့ထုတ် သိပ္ပံဂျာနယ်တွင် ဟားဗက်ပြည်သူ့ကျန်းမာရေးကျောင်းမှသိပ္ပံပညာရှင်များက ရေးသားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ပြီးခဲ့သည့် အင်္ဂါနေ့က  တစ်ရက်တာအတွင်း သေဆုံးသူဦးရေ ၂,၂၀၀ ကျော်ထိရှိခဲ့ပြီးနောက် ၎င်းလေ့လာမှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် တစ်ရက်တာအတွင်း သေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် ၂၈,၃၀၀ ဦးအထိ သေဆုံးပြီးဖြစ်သည်။

ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမလုပ်နိုင်ခြင်း သို့မဟုတ် ကာကွယ်ဆေးများမရနိုင်သေးပါက ၂၀၂၂ ခုနှစ်အထိ အကွာအဝေးအကန့်အသတ်ဖြင့် နေထိုင်သင့်ကြောင်း ဟားဗက်သုတေသီများက အကြံပြုခဲ့သည်။ အကွာအဝေးကန့်သတ်ခြင်းစီမံချက်သည် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် ဝန်ထုပ်ဝန်ပိုးသက်သာစေနိုင်ပြီး ရောဂါရှိသူနှင့်ထိတွေ့ခဲ့သူများအား ခြေရာခံခြင်းနှင့် စောင့်ကြည့်စစ်ဆေးမှုလုပ်ငန်းများတွင် ထိရောက်မှုရှိကြောင်း တောင်ကိုရီးယားနှင့် စင်္ကာပူနိုင်ငံတို့ကို ဥပမာပေးလျက် သုတေသီများက ထောက်ပြပြောဆိုခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် အမေရိကန်၏ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးတို့ကိုလည်း ဆိုးကျိုးသက်ရောက်နိုင်သည်ဟု ၎င်းတို့က မှတ်ချက်ပြုခဲ့ကြသည်။

ဗိုင်းရပ်စ်ကို အမြစ်ပြတ်သုတ်သင်နိုင်သည့်တိုင် နောက်အကျဆုံး ၂၀၂၄ ခုနှစ်အထိ ရောဂါ ပြန်ပေါ်လာနိုင်သောကြောင့် ဗိုင်းရပ်စ်ကို စောင့်ကြည့်သင့်သည်ဟု လေ့လာတွေ့ရှိချက်တွင် ရေးသားထားသည်။

တစ်ကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂ သန်းကျော်နှင့် ၁၂၄,၀၀၀ ကျော် သေဆုံးပြီးသည့်တိုင် ရောဂါကူးစက်မှုသည် အမြင့်ဆုံးထိ မရောက်ရှိသေးကြောင်း WHO က ပြောခဲ့သည်။

အမေရိကန်သည် တခြားနိုင်ငံများထက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရပြီး သေဆုံးမှုအများဆုံးနိုင်ငံဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly