ကိုရိုနာဗိုင်းရပ်စ်က မြင့်မားသောအပူချိန်နှင့် အချိန်ကြာကြာ ထိတွေ့ပါကလည်း ဆက်လက်ရှင်သန်နိုင်သည်ကို လေ့လာတွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ်က မြင့်မားသောအပူချိန်နှင့် အချိန်ကြာကြာ ထိတွေ့ပါကလည်း ဆက်လက်ရှင်သန်နိုင်သည်ကို လေ့လာတွေ့ရှိ

ဧပြီ ၁၅

ကိုရိုနာဗိုင်းရပ်စ်က မြင့်မားသော အပူချိန်များနှင့် အချိန်ကြာကြာ ထိတွေ့ပါကလည်း ဆက်လက်ရှင်သန်နိုင်သည်ကို လေ့လာတွေ့ရှိရကြောင်း ပြင်သစ် သိပ္ပံပညာရှင်အဖွဲ့တစ်ခု၏ လက်တွေ့သုတေသနတစ်ရပ်အရ သိရသည်။

ပြင်သစ်တောင်ပိုင်း Aix-Marseille တက္ကသိုလ်မှ ပါမောက္ခ Remi Charrel နှင့် လုပ်ဖော်ကိုင်ဘက်များသည် COVID-19 ကိုဖြစ်စေသော ဗိုင်းရပ်စ်ကို အပူချိန် ၆၀ ဒီဂရီ ဆဲစိယက်စ် (၁၄၀ ဖာရင်ဟိုက်) ဖြင့် တစ်နာရီကြာ အပူပေးခဲ့ရာတွင် ဗိုင်းရပ်စ်မျိုးစိတ်(strain) တချို့က ဆက်ပြီး ပုံတူပွားနိုင်စွမ်းရှိနေဆဲ ဆိုသည်ကို တွေ့ရှိခဲ့သည်။

သိပ္ပံပညာရှင်များသည် ဗိုင်းရပ်စ်ကို လုံးလုံးလျားလျား သတ်ပစ်ရန်အတွက် အပူချိန်ကို ရေဆူအမှတ်နီးပါးအထိ ထားခဲ့ရသည်ဟုလည်း အဆိုပါ ပညာရှင်များ၏ လေ့လာချက်စာတမ်းအရ သိရသည်။

အဆိုပါ စာတမ်းကို ပြီးခဲ့သည့် ဧပြီ ၁၁ ရက်က bioRxiv.org တွင် ဖော်ပြခဲ့ပြီး ယင်းသည် ပညာရှင်အချင်းချင်း သုံးသပ်အကဲဖြတ်မှု ပြုလုပ်ရသေးခြင်း မရှိဟု သိရသည်။

ယခု လေ့လာချက် ရလဒ်များကြောင့်လည်း အဆိုပါ ဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး လေ့လာစမ်းသပ်မှုများ လုပ်နေသည့် ဓာတ်ခွဲခန်း ပညာရှင်များ၏ ဘေးကင်းလုံခြုံရေးအတွက်လည်း ခြိမ်းခြောက်ဂယက်ရိုက်ခတ်မှုများ ရှိစေခဲ့သည်ဟု သိရသည်။

ပြင်သစ် သိပ္ပံပညာရှင်အဖွဲ့သည် ဗိုင်းရပ်စ်လှုပ်ရှားပုံစမ်းသပ်မှုအတွက် စံသတ်မှတ်ချက် လက်ခံပစ္စည်းတစ်မျိုးဖြစ်သော အာဖရိက အစိမ်းရောင်မျောက် ကျောက်ကပ်ဆဲလ်များကို ဂျာမနီနိုင်ငံ ဘာလင်မြို့ လူနာတစ်ဦးဆီကနေ သီးခြားထုတ်ယူထားရှိသည့် ဗိုင်းရပ်စ်မျိုးစိတ်တစ်ခုဖြင့် ကူးစက်စေခဲ့သည်ဟု သိရသည်။

ဆဲလ်များကို မတူညီသော ပတ်ဝန်းကျင် အမျိုးအစားနှစ်ခုကို ကိုယ်စားပြုသည့် ပြွန်များအတွင်း ထည့်ခဲ့ပြီး ယင်းတို့ကို “သန့်ရှင်းသော” ပတ်ဝန်းကျင်နှင့် “ညစ်ပတ်သော” ပတ်ဝန်းကျင်ဆိုပြီး ရှိစေခဲ့သည်။ ညစ်ပတ်သော ပတ်ဝန်းကျင်အောက်တွင် တိရစ္ဆာန်ပရိုတိန်များနှင့်အတူ ခံတွင်း သလိပ်ကဲ့သို့သော လက်တွေ့ဘဝ နမူနာပုံစံအခြေအနေအတိုင်း ဇီဝဆိုင်ရာ ညစ်ညမ်းမှု သရုပ်သကန်မျိုးဖြစ်စေရန် ဖန်တီးထားခဲ့သည်။

ယင်းနောက် အပူပေးပြီးနောက်ပိုင်း သန့်ရှင်းသော ပတ်ဝန်းကျင်အောက်ရှိ ဗိုင်းရပ်စ် မျိုးစိတ်များသည် လုံးလုံးလျားလျား အသက်မဲ့သွားခဲ့သည်။ သို့သော် ညစ်ပတ်သော နမူနာအောက်ရှိ မျိုးစိတ်တစ်ချို့မှာမူ ဆက်လက်ရှင်သန်နေခဲ့သည်။

အပူပေးမှု လုပ်ငန်းစဉ်ကြောင့် ရောဂါကူးစက်နိုင်ခြေပိုင်းတွင် ရှင်းရှင်းလင်းလင်း ကျဆင်းသွားသည့် ရလဒ်ထွက်ပေါ်ခဲ့သော်လည်း အတော်အသင့် အသက်ရှင်နေသော မျိုးစိတ်များက နောက်ထပ် ကူးစက်မှု အလှည့်တစ်လှည့် စတင်နိုင်စွမ်း ဆက်ရှိနေဆဲဖြစ်ကြောင်း အဆိုပါ စာတမ်းတွင် ပြောထားသည်။

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်သစ်နှင့်ပတ်သက်၍ စမ်းသပ်မှု လုပ်ဆောင်ရန် တောင်းဆိုမှုများ အလျင်အမြန် များပြားလျက် ရှိသည်။ သို့သော် တချို့သော စမ်းသပ်လုပ်ဆောင်မှုများကို အကာအကွယ် နည်းပါးသည့် ဓာတ်ခွဲခန်းများတွင် လုပ်ဆောင်နေခဲ့ရသည်။ ယင်းကဲ့သို့ ဓာတ်ခွဲခန်းများရှိ ပညာရှင်များအနေဖြင့် နမူနာများနှင့် တိုက်ရိုက် ထိတွေ့ရရန် ရှိနေသည့်အတွက် နောက်ထပ် လုပ်ငန်းစဉ်များကို မသွားမီ ဗိုင်းရပ်စ်များ အသက်မဲ့နေစေရန် လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly