COVID-19 အကျပ်အတည်းကာလအတွင်း နယူးဇီလန်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ လစာလျှော့ယူ

COVID-19 အကျပ်အတည်းကာလအတွင်း နယူးဇီလန်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ လစာလျှော့ယူ

ဧပြီ ၁၅

ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေဆက်လက်မြင့်တက်နေစဉ် နယူးဇီလန်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် ကပ်ရောဂါဒဏ်ခံရသည့်ပြည်သူများနှင့် တစ်သားတည်းဖြစ်ကြောင်း ပြသသည့်အနေဖြင့် ခြောက်လတာ ကာလအတွင်း ၎င်းတို့လစာ၏ ၂၀% ကို လျှော့ယူသွားမည်ဟု ဆိုသည်။

လစာအများဆုံးရရှိကြသည့် နိုင်ငံရေးသမားများသည် ကပ်ရောဂါကာလတွင် ရှေ့တန်းမှဆောင်ရွက်နေကြသူများ၊ စားဝတ်နေရေးအခက်အခဲဖြစ်နေသူများနှင့်အတူ တစ်သားတည်းဖြစ်ကြောင်း ပြသရန် အရေးကြီးသည်ဟု ဝန်ကြီးချုပ် Jacinda Ardern က ပြောသည်။

ဝန်ကြီးချုပ်၏လစာမှ အမေရိကန်ဒေါ်လာ  ၄၇ ၁၀၄ နှင့် ကက်ဘီနက်ဝန်ကြီးများထံမှ အမေရိကန်ဒေါ်လာ ၂၆ ၀၀၀ စီ အသီးသီး လျှော့ချသွားမည်ဖြစ်သည်။ ဒု-ဝန်ကြီးချုပ် Winston Peters ကလည်း အမေရိကန်ဒေါ်လာ ၃၃ ၄၇၃ လျှော့ယူမည်ဖြစ်သည်။

နယူးဇီလန်နိုင်ငံတွင် Lockdown ချမှတ်ထားသည်မှာ  သုံးပတ်ရှိပြီဖြစ်သည်။ လူပေါင်း ၁၃ ၀၀၀ ကျော် ဗိုင်းရပ်စ်ကူးစက်ခံထားရပြီး ၉ ဦးသေဆုံးထားသည်။

လူဦးရေ ၁.၅ သန်းခန့်ကလည်း ဝင်ငွေဆုံးရှုံးမှုများအတွက် အစိုးရဆီမှ ထောက်ပံ့ငွေတောင်းဆိုထားကြပြီး လက်ရှိတွင် အလုပ်လက်မဲ့ဦးရေ ၄ % ခန့်ရှိသည်။

မီဒီယာကုမ္ပဏီလုပ်ငန်းများသည် Lockdown ကာလအတွင်း အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း ကပ်ရောဂါတုံ့ပြန်ရေးကော်မတီက ပြောသည်။ NZME မီဒီယာကုမ္ပဏီသည် ကြော်ငြာဝင်ငွေ ၅၀ % ကျော်ခန့် ဆုံးရှုံးနေပြီး ဝန်ထမ်း ၂၀၀ ခန့်လျှော့ချထားကာ ကျန်ဝန်ထမ်းများကိုလည်း လစာ၏ ၁၅ % ကို သုံးလတာ ဖြတ်တောက်ထားသည်။

Stuff မီဒီယာကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Sinead Boucher က ၎င်းတို့၏ ဝက်ဘ်ဆိုက်ကို ကြည့်ရှုသူ နေ့စဉ် ၂ သန်းခန့်ရှိကြောင်း၊ online တွင် သတင်းတုများ များပြားနေသဖြင့် ၎င်းတို့နှင့်တခြားပြည်တွင်းမီဒီယာများသည် ကပ်ရောဂါအကျပ်အတည်းကာလအတွင်း စစ်မှန်သောသတင်းများကို ပြန်ကြားပေးရန် အရေးပါကြောင်း၊ လာမည့်လများ၌  လုပ်ငန်းဆက်လက်ရပ်တည်နိုင်ရန် အရေးတကြီး အကူအညီလိုအပ်နေကြောင်း ၊နယူးဇီလန်ရှိ ပုဂ္ဂလိကမီဒီယာလုပ်ငန်းများအတွက် လက်ရှိအစိုးရ၏အထောက်အပံ့လိုအပ်ကြောင်း ပြောကြားခဲ့သည်။

မီဒီယာလုပ်ငန်းများအတွက် အစိုးရ၏ကူညီကယ်ထောက်ပံ့ရေးရန်ပုံငွေကို ယခုသီတင်းပတ်တွင် ရရှိရန် မျှော်လင့်ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly