ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း နယူးကာဆယ်အသင်းကို ရောင်းချဖို့ သဘောတူလိုက်တဲ့ မိုက်အက်ရှ်လေ

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း နယူးကာဆယ်အသင်းကို ရောင်းချဖို့ သဘောတူလိုက်တဲ့ မိုက်အက်ရှ်လေ
Photo: AFP

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့ကလပ်အသင်းတွေရဲ့ စီးပွားရေး ထိခိုက်လာမှုနဲ့အတူ တချို့အသင်းပိုင်ရှင်တွေဟာ သူတို့ရဲ့အသင်းတွေကို ဆုံးရှုံးမှု မများခင် ပြန်လည်ရောင်းချဖို့ ကြိုးစားလာကြပါပြီ။

အဲဒီအထဲက နံပတ်(၁)နေရာကနေ ကြိုးစားနေတာကတော့ နယူးကာဆယ်အသင်းပိုင်ရှင် မိုက်အက်ရှ်လေဖြစ်ပြီး သူ့ရဲ့အသင်းကို ဗြိတိန်ရဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အေမန်ဒါ စတာဗီလေရဲ့ စီးပွားရေးလုပ်ငန်းစုဆီ ရောင်းချဖို့ သဘောတူညီမှုရရှိသွားခဲ့ပါပြီ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အသင်းရဲ့ဝန်ထမ်းတွေကို အလုပ်ရပ်နားခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မိုက်အက်ရှ်လေဟာ သူ့ရဲ့အသင်းကို ပေါင်သန်း ၃၄၀ နဲ့ စျေးခေါ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ပေါင်သန်း ၃၀၀ နဲ့ စျေးတည့်သွားခဲ့ပြီး ရက်ပိုင်းအတွင်း ပိုင်ရှင်သစ် အပြောင်းအလဲတွေ ဖြစ်ပေါ်လာတော့မယ့် အနေအထားပါ။

အေမန်ဒါရဲ့ စီးပွားရေးလုပ်ငန်းစုဟာ ဆော်ဒီတော်ဝင်မျိုးနွယ်စုရဲ့ ကျောထောက်နောက်ခံနဲ့ ရပ်တည်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန်က ဒီလုပ်ငန်းစုရဲ့ ရှယ်ယာရှင်တစ်ယောက်ဖြစ်တယ်လို့ သတင်းတွေမှာ ပါရှိပါတယ်။

PCP Capital Group လို့ အမည်ရတဲ့ အေမန်ဒါရဲ့ စီးပွားရေးလုပ်ငန်းစုနဲ့ မိုက်အက်ရှ်လေတို့ဟာ အရောင်းအဝယ် ကိစ္စအတွက် ညှိနှိုင်းမှုတွေ အားလုံး ပြီးဆုံးသွားပြီး အဆုံးသတ် လက်မှတ်ရေးထိုးဖို့ပဲ ကျန်တော့တာပါ။

နယူးကာဆယ်ပရိသတ်တွေအတွက်တော့ နှစ်ပေါင်းများစွာ ဒုက္ခခံနေရတဲ့ အိပ်မက်ဆိုးကြီးကနေ ရုန်းထွက်နိုင်ခဲ့ပြီလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပြီး အသင်းအတွက် ကစားသမားကောင်းတွေ ခေါ်ယူပေးဖို့ အမြဲပျက်ကွက်ခဲ့တဲ့ မိုက်အက်ရှ်လေရဲ့ လုပ်ရပ်တွေဟာ နယူးကာဆယ် ပရိသတ်တွေကို ၁၃ နှစ်ကြာ စိတ်ပျက်နေစေခဲ့တာပါ။

မိုက်အက်ရှ်လေဟာ နယူးကာဆယ်အသင်းကို ၂၀၀၇ ခုနှစ်က ဝယ်ယူခဲ့တာဖြစ်ပြီး ပေါင် ၁၃၄ သန်းနဲ့ ဝယ်ယူခဲ့ပြီးနောက် အဲဒီရဲ့ (၂)ဆကျော် များပြားတဲ့စျေးနဲ့ ပြန်ရောင်းနိုင်ခဲ့တာပါ။ဒါ့အပြင် အသင်းကို ပိုင်ဆိုင်ခဲ့တဲ့နှစ်တွေမှာလည်း ရုပ်သံဝင်ငွေတွေကနေ အမြတ်တွေ ရရှိခဲ့သေးတာကြောင့် မိုက်အက်ရှ်လေဟာ နယူးကာဆယ်အသင်းဆီကနေ ကောင်းကောင်းကြီး အမြတ်ရသွားခဲ့တယ်လို့ ဆိုရမှာပါပဲ။

မန်ယူအသင်းကို ပေါင် ၃ ဘီလီယံနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပြီး ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းရဲ့ ပိုင်ရှင်ဖြစ်လာဖို့ ကြိုးစားခဲ့တဲ့ ဘင်ဆယ်လ်မန်ရဲ့ အစီအစဉ်ကလည်း အောင်မြင်သွားခဲ့ပြီလို့ ပြောရမှာဖြစ်ပြီး အာရပ်သူဌေးတွေရဲ့ ထုံးစံအတိုင်း ငွေတွေ အမြောက်အများသုံးကာ ကစားသမားကောင်းတွေ ခေါ်ယူပေးသွားမလားဆိုတာ ပရိသတ်တွေက စိတ်လှုပ်ရှားနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly